အိမ်ရှင်နိုင်ငံ၏ စည်းကမ်းဥပဒေကိုလိုက်နာရန် မြန်မာအစိုးရက အမေရိကန်သံရုံးကို သတိပေး
DVB
·
July 26, 2016
အိမ်ရှင်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေကို လေးစားလိုက်နာရန် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ရန်ကုန်ရှိ အမေရိကန်သံရုံးကို သတိပေးခဲ့ပါတယ်။
ဇူလိုင် ၂၄ ရက်ညက ရန်ကုန်ရှိ အမေရိကန်သံရုံးဝင်းအတွင်း လုံခြုံရေးလေ့ကျင့်မှုပြုလုပ်ရာမှ မျက်ရည်ယိုဗုံး ပေါက်ကွဲခဲ့လို့ အနီးပတ်ဝန်းကျင်နှင့် လမ်းသွားလမ်းလာ ပြည်သူများအား အနှောက်အယှက်ဖြစ် ထိတ်လန့် စေခဲ့မှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ခုလို သတိပေးခဲ့တာပါ။
နိုင်ငံခြားရေးဝန်ကြီးဌာနက “နောက်နောင်ဤသို့သော ကိစ္စရပ်မျိုး ထပ်မံမဖြစ်ပွား စေရန် အတွက် အထူးကြီးကြပ် ရှောင်ရှားရန်နှင့် အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်း ဥပဒေကို လေးစားလိုက်နာပါရန်” တယ်လီဖုန်းနဲ့လည်းကောင်း၊စာ ရေးသားပေးပို့ပြီး လည်းကောင်း အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။