Home
မြန်မာသတင်း
ကျူးကျော်ရှင်းလင်းရေး စီမံချက်ရှိသော်လည်း အရေးယူဆောင်ရွက်မှု မရှိသေး
DVB
·
July 26, 2016
ဇူလိုင် ၈ ရက်နေ့က စတင်ပြီး လမ်းဘေးကျူးကျော်တွေကို အရေးယူဆောင်ရွက်ဖို့ စီမံချက်ချထားပေမယ့်  ဒီနေ့ချိန်ထိ အရေးယူ ဆောင်ရွက်တာမျိုးတော့ မရှိသေးပါဘူး။ မန္တလေးမြို့ လမ်း၊ ပလက်ဖောင်း၊ ရေမြောင်းတွေပေါ်မှာ ကျူးကျော်ပြီး ပစ္စည်းထားရှိတာတွေ၊ ကျူးကျော်ဆောက်လုပ်ထားတာတွေ၊ ကျူးကျော်ရောင်းချတာတွေ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ရေး စီမံချက်ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဇူလိုင် ၈ ရက်နေ့ကနေ စတင်ခဲ့တာပါ။ “ဒီတိုင်းပဲ ကျူးကျော်နေတုန်းပဲဆိုရင်တော့ ကျနော်တို့က သူတို့ကို စီမံခန့်ခွဲမှု နည်းလမ်းအရ ဒဏ်ငွေတသောင်း တပ်ရိုက် အရေးယူတယ်။ ပြီးတော့ အဲဒီ ၁၇ ရက်နေ့ကနေ တလပြည့်လို့မှ သူတို့က ဆက်လက်ပြီးတော့မှ ဖွင့်လှစ်နေတယ်ဆိုရင်တော့ ကျနော်တို့က တရားရုံးမှာ တရားစွဲဆိုပြီးတော့မှ ဥပဒေအရ အရေးယူ ဆောင်ရွက်တယ်။ အဲဒီနည်းလမ်းနဲ့ လုပ်နေပါတယ်” လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စိုးက ပြောပါတယ်။ လမ်းဘေးကျူးကျော်တွေကို ၂၆ လမ်း၊ ပြင်ဦးလွင်လမ်းကနေ ကမ်းနားလမ်းထိ၊ ၂၉ လမ်း၊ ၆၂ လမ်းကနေ ၈၉ လမ်းထိ၊ ၁၂ လမ်းကနေ သိပ္ပံလမ်း၊ မနော်ဟယ်ရီလမ်း၊ စစ်ကိုင်းလမ်းကနေ ကန်တော်ကြီးထိ လမ်းဘေးကျူးကျော်ဆိုင်တွေ သတ်မှတ်ထားပြီး ဇူလိုင် ၂၅ ရက်နေ့ထိတော့ အရေးယူ ဆောင်ရွက်တာမျိုး မရှိသေးပါဘူး။ “လမ်းဘေးကျူးဆိုင်၊ ကျနော်ပြောတဲ့အထဲမှာ လမ်းဘေးကျူးဆိုင်ရဲ့ ကိစ္စကိုပဲ ပြောတာပါ။ လမ်းဘေးကျူးဆိုင်တင် မဟုတ်ဘူးပေါ့နော်။ မီးစက်တွေရှိမယ်၊ ထရန်စဖော်မာတွေ ပလက်ဖောင်းပေါ်မှာ တိုင်တွေထောင်ပြီးတော့ တင်ထားတာတွေ ရှိမယ်။ အဲဒီကိစ္စမှာ တရားဥပဒေစိုးမိုးရေးအတွက် ထောက်ခံတယ်၊ အားလုံးက တပြေးညီဖြစ်သင့်တယ်။ ဒဏ်ငွေနဲ့တင် ပြီးလို့မဖြစ်ပါဘူး။ ဒဏ်ငွေနဲ့ပြီးလို့ မဖြစ်ပါဘူးဆိုတာက ဒဏ်ငွေဆောင်နိုင်တဲ့သူက ဒဏ်ငွေဆောင်ပြီးတော့ အေးအေးလူလူ နေသွားကြမယ်” လို့ ရွှေပြည်ဦး ကဖေးဆိုင်မှ ကိုနိုင်အောင်က ပြောပါတယ်။ လမ်းဘေးကျူးကျော်တွေကို ၁၀ ရက်အတွင်းမှာ တွေ့ရှိခဲ့ရင် ဒဏ်ငွေတသောင်း သက်မှတ်ထားပြီး ဈေးဆိုင်နှစ်ဆိုင်သာ ဒဏ်ငွေတသောင်းနဲ့ အခွန်ဆောင်ထားပါတယ်။ ကျူးကျော်ဆိုင်ပေါင်း ၇၀၀ ကျော်ရှိပြီး တလအတွင်းမှာ ဆက်လက်ပြီး တည်ရှိနေရင် တရားရုံးမှာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပြောဆိုခဲ့ပါတယ်။ သတင်း - အောင်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024