A d v e r t i s e m e n t With Us

တောင်တရုတ်ပင်လယ်အရေး အာဆီယံ စိုးရိမ်ကြောင်း ထုတ်ပြန်

လာအိုနိုင်ငံ ဗီယန်ကျင်းမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး  ဇူလိုင် ၂၅ ရက် ပူးတွဲထုတ်ပြန်ချက်မှာ တောင်တရုတ်ပင်လယ်မှာ လတ်တလော ဖြစ်ထွန်းမှုတွေအပေါ် အလေးအနက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် တောင်တရုတ်ပင်လယ်ပိုင်နက် အတော်များများကို တရုတ်နိုင်ငံက ပိုင်ဆိုင်ခြင်း မဟုတ်ဘူးလို့ နိုင်ငံတကာ အနုညာတ တရားရုံးရဲ့ ဇူလိုင် ၁၂ ရက်နေ့ ဆုံးဖြတ်ချက်ကိုတော့ ပူးတွဲကြေညာချက်မှာ ထည့်သွင်းရေးသားခြင်း မရှိပါဘူး။ ဇူလိုင် ၂၄ ရက်နေ့မှာ အစည်းအဝေး ပြီးဆုံးခဲ့ပေမယ့် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ၂၅ ရက်နေ့ကျမှ ထုတ်ပြန်ရာမှာ တောင်တရုတ်ပင်လယ်ကိစ္စကို  ဥပဒေကြောင်းအရ၊ သံတမန်နည်းလမ်းအရ ကျင့်သုံးဖြေရှင်းဖို့ လိုအပ်တယ်လို့ ဖော်ပြပါတယ်။ ဖိလစ်ပိုင်နိုင်ငံက အနုညာတရုံး ဆုံးဖြတ်ချက် (တောင်တရုတ်ပင်လယ်တွင်းရှိ ပိုင်နက်အများစုကို တရုတ်က ပိုင်ဆိုင်သည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ၂၀၁၃ ခုနှစ်က တိုင်တန်းချက်ကို ဟုတ်မှန်သည်ဟု  သည်ဟိဂ်အခြေစိုက် အနုညာတ တရားရုံးက  ဇူလိုင် ၁၂ ရက်နေ့က အတည်ပြုဆုံးဖြတ်ချက်) ပူးတွဲ ကြေညာချက်မှာ ထည့်ဖို့ ကြိုးစားပေမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆန့်ကျင်မှုကို ခံခဲ့ရပါတယ်။ ဇူလိုင် ၂၅ ရက် မနက်ပိုင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအိုကီရှီဒက အနုညာတ တရားရုံး ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက လက်ခံလာအောင် အာဆီယံနိုင်ငံတွေအနေနဲ့ အတူတကွ ညီညီညွတ်ညွတ် တိုက်တွန်းသင့်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ ပိုင်နက်နယ်မြေ အငြင်းပွားမှုကိစ္စကို ပတ်သက်တဲ့ နိုင်ငံတွေအကြား ဖြေရှင်းသင့်ပေမယ့် တောင်တရုတ်ပင်လယ်ဟာ ဂျပန်နိုင်ငံအတွက် ပင်လယ်သွားလမ်းကြောင်း ဖြစ်တဲ့အတွက် ဒီအရေးကိစ္စဟာ ဒေသတခုလုံးရဲ့ ငြိမ်းချမ်းတည်ငြိမ်မှုအပေါ် သက်ရောက်စေတယ်လို့ သူက ပြောဆိုခဲ့ပြီး ဒီကိစ္စကို နိုင်ငံတကာဥပဒေနဲ့ ငြိမ်းချမ်းစွာ ကိုင်တွယ်ဖို့ တောင်းဆိုပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ဇူလိုင် ၂၆ ရက်ကျရင် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနဲ့ အာဆီယံဒေသဆိုင်ရာ ဖိုရမ် တက်တဲ့အခါတွေမှာလည်း အနုညာတ တရားရုံး ဆုံးဖြတ်ချက်ကို တရုတ်လက်ခံလာအောင် ဖိအားပေးဖို့ တောင်းဆိုတိုက်တွန်းမယ်လို့ ဂျပန်သတင်းတွေက ရေးပါတယ်။ ဇူလိုင် ၂၅ ရက် မနက်ပိုင်းမှာပဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ကြပြီး ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်ခဲ့ရာမှာ  တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု မြှင့်တင်ရန်၊ နှစ်ဦးနှစ်ဘက် အပြန်အလှန် ယုံကြည်စိတ်ချမှုကို မြှင့်တင်ရန် ကြိုးပမ်းကြဖို့ ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်။ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းခြင်းဟာ အာဆီယံ၊ တရုတ်နဲ့ နိုင်ငံတကာအတွက်  အကျိုးရှိစေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးပွဲဟာ အပြန်အလှန် လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ အပြုသဘောဆောင်တယ်လို့ ပြောပါတယ်။ သူက “ဆွေးနွေးချိန် ၈၀ ရာခိုင်နှုန်းဟာ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ အဖွဲ့ဝင်နိုင်ငံတချို့က တောင်တရုတ်ပင်လယ် အခြေအနေကို မှတ်ချက်ပြုခဲ့ကြပေမယ့် ဒီအကြောင်းအရာ ဆွေးနွေးချိန်က ၂၀ ရာခိုင်နှုန်းရှိတယ်လို့ ပြောပါတယ်။ နိုင်ငံတခုတည်းကပဲ အနုညာတ တရားရုံးဆီတက်တဲ့ အမှုကို ထုတ်ဖော်ပြောဆိုတယ်။ ဒီခုံရုံးကိစ္စကို ကျန်နိုင်ငံတွေက တစုံတရာ မပြောကြဘူး” လို့ ပြောဆိုချက်ကို အေပီသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up