Home
မြန်မာသတင်း
ကျေးရွာ ၄၀၀ ကျော်အတွက် မြစိမ်းရောင်စီမံကိန်းက ကျပ်သန်း ၁ သောင်းကျော် ထုတ်ချေး
DVB
·
July 25, 2016
ရခိုင်ပြည်နယ်က ကျေးရွာပေါင်း ၄၀၀ ကျော်ကို တရွာလျှင် သိန်း၃၀၀ နှုန်းနဲ့ မြစိမ်းရောင် စီမံကိန်းမှ ငွေကျပ်သန်းပေါင်း ၁ သောင်း ၂ ထောင်ထုတ်ချေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ကျေးရွာတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်း၊ ရောင်းဝယ်ရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအနှီးတွေကို အဓိကထားပြီး အခုဘဏ္ဍာရေးနှစ်မှာ ကျေးရွာတွေကို တိုးချဲ့ ချေးပေးတာပါ။ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဝေက “မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်လာတာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပေါ့လေ။ အဓိကရည်ရွယ်ချက်ကတော့ ကျေးရွာတွေ အလုပ်အကိုင်အခွင့်အဆင်ပြေစေရေးနဲ့ ပတ်သက် လို့ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ ရေလုပ်ငန်း၊ ကုန်ရောင်းကုန်ဝယ် နောက်တခါ လက်မှုလုပ်ငန်း တွေကို အဆင်ပြေချောမွေ့လုပ်ကိုင်နိုင်ဖို့ အမြတ်အစွန်းအနည်းငယ်သာယူပြီး ထုတ်ချေးပေး တာပါ။ ဒီနှစ်ဆိုရင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ ရွာပေါင်း ၄၀၁ ရွာကို တရွာလျှင် သိန်း ၃၀၀ နှုန်းနဲ့ ထုတ်ချေးတာပေါ့”လို့ ပြောပါတယ်။ ဒါ့အပြင် အခုလိုချေးငွေတွေကို နိုင်ငံတော်ဘဏ္ဍာမှအတိုးနှုန်း ၁.၀ သာယူထားပြီး ပြည်သူတွေ အဆင်ပြေနိုင်တဲ့ အတိုးနှုန်းသာဖြစ်တယ်လို့ပြောပါတယ်။ “အတိုးနှုန်းက ၁ နှစ်ပတ်လုံးမှ ၁.၀ ရာခိုင်နှုန်းပါ။ ဒါမှမဟုတ် ၁.၅ ရာခိုင်နှုန်းပါပဲ၊ ဒါက ကျနော်တို့ ဌာနကသတ်မှတ်လိုက်တာ မဟုတ်ဘူး။ ကျေးရွာသူကျေးရွာသားတွေက ဒီလောက်ဆိုရင်အဆင်ပြေတယ်ဆိုပြီး သတ်မှတ်တာပါ။ အတိုးရတဲ့ငွေတွေကို ကျနော်တို့ ဌာနကမယူဘူး။ သဘောက ကျနော်တို့ မနှစ်က သိန်း ၃၀၀ထုတ်ချေး လိုက်တယ်။ ဒီနှစ်ကုန်ချိန်မှာအတိုးပါအရင်းပါဆိုရင် သိန်း၃၃၀ ဖြစ်သွားတာပေါ့။ အဲ့ဒီ ၃၃၀ လောက်ဖြစ် သွားတာကိုကျနော်တို့ နယ်ဖက်ကို သွားလာရတဲ့စရိတ်တွေ ကုန်ကျငွေရှိတာပေါ့။ သိန်း ၃၂၆ သိန်းလောက်ဖြစ် သွားတယ်။ လွန်ခဲ့တဲ့နှစ်က ချေးတဲ့ငွေကို ကျနော်တို့ ဒီနှစ်မှာထပ်မံပြီး ချေးပေးတာပါ။" အခုလိုမြရောင်စိမ်းရောင်းစီမံကိန်းလုပ်ငန်းကို စတင်လာတာလွန်ခဲ့တဲ့ ၂၀၁၄ - ၂၀၁၅ ခုနှစ်က စတင်ခဲ့ပြီး၊ ၂၀၁၄ခုနှစ် -၂၀၁၅ခုနှစ်မှာ ရခိုင်ပြည်နယ်ရှိကျေးရွာပေါင်း ၈၅ ရွာကို ငွေများထုတ်ချေးခဲ့ပြီး၊ ၂၀၁၅ခုနှစ် ၂၀၁၆ ခုနှစ်မှာ ကျေးရွာပေါင်း ၂၁၂ ရွာနဲ့ ၂၀၁၆ခုနှစ်-၂၀၁၇ နှစ်မှာ ကျေးရွာပေါင်း ၁၀၄ ရွာ စုစုပေါင် ကျေးရွာ ၄၀၁ ရွာ ရှိပြီးလို့ ညွှန်ကြားရေးမှူး ဦးထွန်းဝေကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာပေါင်း ၃၈၇၂ရွာ ရှိတယ်လို့သိရပါတယ်။ သတင်း -  ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024