မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ဂျာမနီတွင် သွားရောက်လေ့ကျင့်မည်

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆူဇူကီးဖလားအကြို ပြင်ဆင်မှုအဖြစ် လာမယ့် စက်တင်ဘာလအတွင်း ဂျာမနီနိုင်ငံမှာ သွားရောက်လေ့ကျင့်မှာဖြစ်ပြီး ခြေစမ်းပွဲတွေ ကစားဖို့လည်း စီစဉ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေ ရှိနေလို့ မြန်မာအသင်းရဲ့ လေ့ကျင့်မှုတွေကို ရပ်နားထားပြီး လာမယ့်သြဂုတ်လ ဒုတိယပတ်မှာ လေ့ကျင့်မှုတွေ စတင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ “စက်တင်ဘာလ ဒုတိယအပတ်လောက်ဆိုရင် သူတို့ ဂျာမနီကို သွားပါမယ်။ ဂျာမနီမှာ ၂ ပတ်၊ ၃ ပတ်လောက် ခြေစမ်းပွဲအနေနဲ့ ဥရောပက တောင့်တင်းတဲ့ အသင်းတွေနဲ့ သူတို့ ကစားမှာပါ။ အခုဆိုရင် နည်းပြကြီးကလည်း သူ့ရဲ့ ပရိုလိုင်စင်ကို Extension လုပ်ရင်းနဲ့ ပြန်သွားတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ဥရောပမှာရှိတဲ့ ဂျာမနီမှာရှိတဲ့ တောင့်တင်းတဲ့အသင်းတွေနဲ့ သူ့အနေနဲ့ Friendly Match တွေကို ချိတ်နေပါတယ်။ တချို့အသင်းတွေလည်း ရတော့ရနေပါပြီ။ ဒါပေမယ့် Confirmation ရရင်တော့ သတင်းထုတ်ပေးပါမယ်။ နောက်တခုကလည်း ပြန်လာရင် မြန်မာပြည်မှာ ခြေစမ်းပွဲတွေနဲ့အတူ ထရိန်နင်ပြန်လုပ်ပြီးတော့ ပြီးလို့ရှိရင် အေအက်ဖ်အက်ဖ် ဆူဇူကီး ချန်ပီယံရှစ်ကို ၀င်ပြိုင်မှာပါ” လို့ အမ်အက်ဖ်အက်ဖ် တွဲဘက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ နည်းစနစ်ဒါရိုက်တာလည်းဖြစ်တဲ့ ဦးတင်မြင့်အောင်က ပြောပါတယ်။ နိုဝင်ဘာလမှာကျင်းပမယ့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ဖိလစ်ပိုင်နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ လူကြီးလူငယ် အချိုးကျ ပေါင်းစပ်ထားတဲ့ မြန်မာအသင်းအနေနဲ့ အသင်းလိုက် စုစည်းမှု ကောင်းမယ်ဆိုရင် ဆူဇူကီးဖလားမှာ အောင်မြင်မှုရနိုင်တယ်လို့ လက်ရွေးစင်ကစားသမားဟောင်းလည်းဖြစ်တဲ့ ဦးတင်မြင့်အောင်က ပြောပါတယ်။ “ကလပ်ပွဲပြီးတဲ့အခါမှာ တိုင်းပြည်အတွက် သူတို့ ဘယ်လောက်အထိ အကောင်းဆုံး ကစားပေးနိုင်မလဲ။ နောက်ပြီးတော့ သူတို့အနေနဲ့ သူတို့ဟာ ဘယ်သူလဲဆိုတာ ဥပမာ ကျော်ကိုကို၊ ကျော်ကိုကိုဟာ ဘယ်လိုမျိုးလူမျိုးလဲ ဆိုပြီးတော့ ကိုယ်ကိုယ့်ကိုယ် ပြုစုပျိုးထောင်ပြီးတော့ သူ့ရဲ့တန်ဖိုးကို ပြဖို့တော့ လိုလိမ့်မယ်လို့ ကျနော်ယူဆတယ်။ ကျနော်တို့ ဗမာကလေးတွေဟာ အရှေ့တောင်အာရှအလယ်မှာဆိုရင် အရည်အချင်းရှိပြီးသား ကလေးတွေပါပဲ။ အဓိကတော့ Team Work နဲ့ နိုင်လိုစိတ်ပြင်းထန်မှု စိတ်ကလေးတွေ ထည့်မယ်၊ Team Work ကလေးတွေ ပါလာမယ်၊ နည်းပြကြီးရဲ့ ဗျူဟာတွေကို နားလည်လာမယ်၊ ပေါင်းစပ်မိသွားမယ်ဆိုရင်တော့ ဒီအသင်းကတော့ ကျနော်တို့ မျှော်လင့်ထားတဲ့ အတိုင်းအတာတခု ရောက်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့လည်း ဒီအသင်းကို တော်တော်လေး မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသင်းမှာလည်း Talented Player လေးတွေ တော်တော်များလာပါပြီ။ ပေါင်းစပ်နိုင်မှုအားပဲ ကျနော်တို့ လိုပါတော့တယ်။” မြန်မာဘောလုံးအသင်းဟာ လူငယ်အဆင့်ပြိုင်ပွဲတွေမှာ အောင်မြင်မှုရခဲ့ပေမယ့် လက်ရွေးစင်အဆင့်မှာတော့ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံဖလား ၁၀ ကြိမ်မှာ ၂၀၀၄ ခုနှစ်ပြိုင်ပွဲ တကြိမ်ပဲ အုပ်စုအဆင့်က ကျော်လွန်ခဲ့ဖူးပါတယ်။ လွှမ်းမိုးအောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up