Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်း မူးယစ်ဆေးဝါးအမြစ်ပြတ်ရှင်းလင်းရေး လွှတ်တော်တွင်ဆွေးနွေးမည်
နေဖြိုးဝင်း
·
July 25, 2016
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မူးယစ်ဆေးရောင်းဝယ်မှု ဖမ်းဆီးအရေးယူပေးရေးနဲ့ အုပ်စုလိုက်မူးယစ်ဆေးဝါးသုံးစွဲတဲ့ နေရာတွေကို အမြစ်ပြတ် ရှင်းလင်းဖယ်ရှားရေး အဆိုကို ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ ဇူလိုင် ၂၅ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခွင် ရပ်ကွက်၊ ကျေးရွာတော်တော်များများမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေမှုတွေ၊ အုပ်စုလိုက်မူးယစ်ဆေးဝါးသုံးစွဲတဲ့ နေရာတွေကို အမြစ်ပြတ် ရှင်းလင်းဖယ်ရှားရေး၊ မူးယစ် ဆေးဝါးအန္တရာယ်ပညာပေးမှုတွေကို ရပ်ကွက်၊ ကျေးရွာမကျန် အရှိန်မြှင့် ဆောင်ရွက်ရေးနဲ့ မူးယစ်ဆေးသုံး စွဲသူတွေ ပြန်လည်ပြုစု ကုသပေးတဲ့ စခန်းတွေ လိုအပ်တဲ့နေရာတွေမှာ ဖွင့်လှစ်ပေးဖို့ကို ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ က ဦးစိုင်းဝမ်းလှိုင်းခမ်းက အဆိုတင်သွင်းခဲ့တာပါ။ ဒီအဆိုကို ကိုယ်စားလှယ်တဦးက ထောက်ခံခဲ့ပြီး ကန့်ကွက့်သူမရှိတဲ့အတွက် အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရှမ်းပြည်နယ် မြောက်ပိုင်းတခွင်က ရပ်ကွက်ကျေးရွာတော်တော်များများမှာ ဘိန်းဖြူအပြင် ရာဘ(အဖီတမင်းဆေးပြား)တွေ ပေါများနေပြီး တိုင်တန်းမှုရှိလို့ ဖမ်းဆီးအရေးယူမှုပြုလုပ်ရင် ခဏပဲ ရပ်တန့်သွားပြီး မကြာခင်ပြန်လည် ရောင်းဝယ်ဖောက်ကားကြတယ်လို့ အဆိုရှင် ဦးစိုင်းဝမ်းလှိုင်းခမ်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ဆီမှာ တော်တော်ပြဿနာတက်နေတာက ရာဘပေါ့နော်၊ ရာဘလို့ခေါ်တဲ့ အဖီတမင်းဆေးပြားတွေ တအားပေါတယ်။ ရပ်ကွက်တိုင်းလို ရွာတိုင်းလိုလိုမှာ အနည်းဆုံး တစ်အိမ် သို့မဟုတ် နှစ်အိမ်ရောင်းတာတွေရှိတယ်၊ အဲဒီမှာလည်း ပွဲလမ်းသဘင်ကျနေတာဘဲ လူတွေဝင်ထွက်ဝယ်ယူသုံးစွဲကြတယ်၊ အဲဒါ ရပ်ကွက်ထဲကလူတွေလည်း တအား စိုးရိမ်ကြ တာပေါ့လေ၊ ကျနော်ကတော့ ကျနော့် မဲဆန္ဒနယ်မြေထဲက တွေ့ရှိတဲ့အခြေအနေကို ပြောပြ တာ၊ တခြား ပြည်နယ်နဲ့ တိုင်းက ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘောဆွေးနွေး တဲ့ခါမှာ သူတို့ဆီမှာလည်း အဲသလိုဖြစ်နေတယ်လို့ပြောတယ်၊ အဲဒီလို တနိုင်ငံလုံးဖြစ်နေတဲ့ ကိစ္စတွေ ကို ဖမ်းဆီးအရေးယူနိုင်ဖို့အတွက် တင်ပြခြင်းဖြစ်တယ်။” မူးယစ်ဆေးသုံးပြီး သားကောင်ဖြစ်သွားသူတွေဟာ နောင်တရလာချိန်မှာ ဆေးသုံးစွဲမှုကို အမြစ်ပြတ်ကုသဖို့အတွက် သူတို့ဒေသမှာ ဘိန်းဖြတ်ပေးတဲ့ ပြန်လည်ပြုစုပျိုးထောင်ရေး စခန်းတွေ နည်းတယ်လို့ ဦးစိုင်းဝမ်းလှိုင်းခမ်းက ဆိုပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပြန်လည်ပြုစု ကုသရေးစခန်းတွေကို လိုအပ်တဲ့နေရာတွေမှာ နိုင်ငံတော်ဘတ်ဂျက်နဲ့ ရေရှည်စီမံကိန်းအနေနဲ့ ဖွင့်ပေးစေလိုတယ်လို့ အဆိုရှင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024