Home
မြန်မာသတင်း
မျက်ရည်ယိုဗုံးကွဲမှု အမေရိကန်သံရုံးတောင်းပန်
DVB
·
July 25, 2016
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးဝန်းအတွင်င်း မနေ့ညက မျက်ရည်ယိုဗုံးဖောက်ခွဲ လေ့ကျင့်စဉ် ဓာတ်ငွေ့တွေထွက်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တောင်းပန်လိုက်ပါတယ်။ အမေရိကန်သံရုံးမှာ ပုံမှန်လုံခြုံရေးလေ့ကျင့်မှုတစ်ရပ်ပြုလုပ်ခဲ့ရာမှာ အမှုမဲ့အမှတ်မဲ့ဖြစ်ကာ လမ်းသွားလမ်းလာတွေနဲ့ သံရုံးအနီးအနားပတ်ဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းတွေအတွက် ကသိကအောက်အဆင်မပြေမှုတွေ ဖြစ်စေခဲ့တယ်လို့ သံရုံးရဲ့လူမှုကွန်ရက်မှာရေးပါတယ်။ ဒီဖြစ်စဉ်မှာ တဦးတယောက်မှဒဏ်ရာရတာမရှိခဲ့သလို သံရုံးရဲ့ လုပ်ငန်းတွေလည်း ပုံမှန် ဆောင်ရွက်နေတဲ့ကြောင်းနဲ့ ဒီဖြစ်ရပ်အတွက် သံရုံးအနီးတ၀ိုက်ပတ်ဝန်းကျင် မှာ နေထိုင်ကြသူတွေနဲ့နေရာမှာ ရောက်ရှိခဲ့ကြသူတွေအားလုံးကို တောင်းပန်တယ်လို့ သံရုံးက ဆိုပါတယ်။ ဇူလိုင် ၂၄ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးဝန်းအတွင်းမှာ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းကတော့ သံရုံးဝန်းအတွင်း မျက်ရည်ယိုဗုံး ဖောက်ခွဲမှု လေ့ကျင့်ရေးပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဓာတ်ငွေ့ ထွက်ခဲ့တာလို့ မီဒီယာတွေကို ပြောပါတယ်။ “မျက်ရည်ယိုဗုံးတစ်လုံး လေ့ကျင့်တယ်။ ဂတ်စ်ထွက်တယ်၊ ဂတ်စ်ထွက်တဲ့ဥစ္စာ သူတို့ စမ်းသပ်တဲ့ အခန်းမှာပဲ ပြီးပြီလို့ သူတို့က ထင်လိုက်တယ်။ တကယ်တော့ အပြင်ကို စိမ့်ထွက် ပြန့်သွားတာ၊ လေ့ကျင့်ရေးဗုံး၊ မျက်ရည်ယိုဗုံး စမ်းသပ်လိုက်တာ စမ်းသပ်တဲ့ကွင်းမှာ အဲဒါတွေက အပြင်ကို စိမ့်ထွက်သွားတဲ့အတွက် တောင်းပန်ပါတယ်တဲ့ အမေရိကန် သံလုံခြုံရေးအရာရှိက။” အနံ့ပြင်းတဲ့ ဓာတ်ငွေ့တွေထွက်လာတာကြောင့် အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေလည်း အထိတ်တလန့် ဖြစ်ခဲ့ရတာပါ။ သံရုံးအနီး နေထိုင်သူ တဦးက “အနံ့စရတော့ ကျနော်တို့လည်း ဒီနားမှာနေလို့ မရတော့ဘူး။ ဟိုပြေးဒီပြေး အဲလိုပြေးကုန်တာ အနံ့ကြောင့်၊ တော်တော်လေးကြာမှ မိနစ် ၂၀ အစိတ်လောက်ရှိမှာပေါ့။ အဲ့လောက်အထိအနံ့ရတယ်၊ အဲဒါနဲ့ ကျနော်တို့ အပေါ်မှာ သွားနေ ရတယ်။ အနံ့ကြောင့် မျက်ရည်ကျလာတယ်၊ နှာတွေမွှန်လာတယ်၊ အသက်ရှူကျပ်လာတယ်၊ မျက်လုံးတွေ စပ်လာတယ်”လို့ပြောပါတယ်။ ရဲတပ်ဖွဲ့တာဝန်ရှိသူကတော့ ဒါပထမဆုံးနဲ့ နောက်ဆုံးဖြစ်ပြီး နောက်လေ့ကျင့်မယ်ဆိုရင် ဌာနဆိုင်ရာတွေနဲ့ တင်ပြခွင့်ပြုချက်ရယူပြီးမှ လေ့ကျင့်ရမယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024