လယ်ကိစ္စအချင်းများရာမှ သားဖြစ်သူက ဖခင်ကို ပုဆိန်ဖြင့်ခုတ်သတ်

ထိုင်းနိုင်ငံမှာ မိသားစုပိုင် လယ်ယာမြေအသုံးချမှုနဲ့ ပတ်သက်ပြီး အချင်းများရာကနေ ဖခင်ကို ပုဆိန်နဲ့ ခုတ်သတ်ခဲ့တဲ့ သားဖြစ်သူကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
အသက် ၃၃ နှစ်အရွယ် ရိုင်မန်မိုင် အမည်ရတဲ့ အဆိုပါအမျိုးသားဟာ တန်ဖရာခရိုင်၊ ခိုလန်ဒေသ၊ မို-၁၇ ကျေးရွာမှာ နေထိုင်တာဖြစ်ပြီး အခင်းဖြစ်ပြီးချိန်မှာ သူ့ကို ရဲတွေက နေအိမ်မှာ ဖမ်းဆီးခဲ့တာပါ။
သူက ချင်အမည်ရ အသက် ၆၅ နှစ်အရွယ် ဖခင်ဖြစ်သူကို သတ်ခဲ့တယ်လို့ ၀န်ခံခဲ့တာပါ။
သူ့ရဲ့မိခင်ဖြစ်သူ အသက် ၆၅ နှစ်အရွယ် အင်ဂ်က သူတို့သားအဖတွေဟာ လယ်ယာမြေအသုံးပြုမှုနဲ့ ပတ်သက်ပြီး စကားများခဲ့ကြတယ်လို့ ပြောပါတယ်။
ဖခင်ဖြစ်သူပိုင်ဆိုင်တဲ့ လယ်မြေမှာ သားဖြစ်သူ ရိုင်မန်မိုင်က စပါးစိုက်ပျိုးချင်ပြီး ဖခင်ဖြစ်သူက သူ့ကို လုပ်ခွင့်မပေးဘဲ ကိုယ်တိုင်သာ လုပ်မယ်လို့ ပြောခဲ့ချိန်မှာ သူက ဒေါသထွက်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာ ရိုင်မန်မိုင်ဟာ ဒေါသထွက်ခဲ့ပြီး ဖခင်ဖြစ်သူရဲ့ ဦးခေါင်းကို ပုဆိန်နဲ့ ခုတ်ခဲ့တဲ့အတွက် ဖခင် သေဆုံးသွားခဲ့တာပါ။
အဲဒီနောက်မှာ သူဟာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ အပြင်ကို ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ရိုင်ဟာ မွေးချင်း ၇ ယောက်မှာ ၄ ယောက်မြောက် ကလေးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။