Live
Home
မြန်မာသတင်း
ခန္တီးမြို့နယ်တွင်း ချင်းတွင်းမြစ်တလျှောက် ကျေးရွာ ၂၄ ရေနစ်
နော်နိုရင်း
·
July 25, 2016
မိုးသည်းထန်စွာရွာသွန်းပြီး ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ခန္တီးမြို့နယ်အတွင်း ချင်းတွင်းမြစ် တလျှောက်က ကျေးရွာ ၂၄ ရွာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးမောင်တေးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်လောက်ကတည်းက မြစ်ရေလျှံပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတာဖြစ်ပြီး ဒီကနေ့မှာ ရေ ၂ ပေလောက်မြင့်တက်လာတဲ့အတွက် ကျေးရွာအတော်များများ ကုန်းမြင့်တွေ ကို ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ပြောပါတယ်။ “ရေကတော့ အိမ်တွေအကုန်မြုပ်ကုန်ပြီ။ ကျနော်တို့ ခန္တီးမြို့နယ်မှာရှိတဲ့ မြစ်ကမ်းနား တလျှောက်က အကုန်လုံး မြုပ်တယ်။ ကျေးရွာက ၂၄ ရွာလေက်ရှိတယ်။ လူတွေကတော့ ကုန်းမြင့်တဲ့နေရာတွေမှာ ရွှေ့ပြောင်းနေကြရတာ။ ဘုန်ကြီးကျောင်းတို့၊ စာသင်ကျောင်းတို့ မှာပေါ။ ကျနော့်အိမ်က ရေ ၄ ပေးလောက် မြုပ်နေပြီ။ အခု ပေါ်ထပ်ကိုပြောင်းရွှေ့ပြီး ချက်စားရတာပါ။” ရေကြီးမှုကြောင့် ရုံးတွေကျောင်းတွေအားလုံး ပိတ်ထားရတယ်လို့လည်း ပြောပါတယ်။ ရေကြီးပြီး အလုပ်တွေ နားထားရတဲ့အတွက် စားနတ်ရိက္ခာအခက်အခဲရှိနေပြီး တချို့တွေ လည်း ပစ္စည်းတွေ မျောပါပျက်စီးတာတွေရှိ တယ်လို့လည်း ပြောပါတယ်။ သောက်သုံးရေအတွက်လည်း လတ်တလော မိုးရေကိုပဲ ခံယူသုံးစွဲထားရတယ်လို့လည်း ဦးမောင်တေးက ပြောပါတယ်။ ခန္တီးမြို့နယ် ဆင်သေရွာမှာနေထိုင်သူ ဒေါ်ခင်နေလင်းက “ရေတွေတအားကြီးနေလို့ ပစ္စည်းတွေ သယ်နေကြတယ်။ ကျမတို့ရွာ ဆင်သေရွာတရွာလုံးရေမြုပ်တယ်။ အခုလူတွေက မြင့်တဲ့အိမ်တွေမှာ သွားပြီး စုနေနေကြတယ်။ ကျမတို့လည်းအခုပြောင်းနေကြတာ။ အပေါ် ထပ်ကို။ အောက်ထပ်မြုပ်ခါနီးပြီမို့လို့၊ မြစ်ရေကလည်း တအားတက်နေတုန်းရှင်”လို့ ပြောပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့ နေ့ခင်း ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့မှာ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့် ရောက်ရှိနေပြီး အဆိုပါမြစ်ရေဟာ နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထား ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024