A d v e r t i s e m e n t With Us

၄၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီစည်းဝေးပွဲ စတင်

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ရှိ အမျိုးသား ကွန်ဗင်းရှင်းစင်တာမှာ ၄၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီစည်းဝေးပွဲကို ဒီနေ့မနက်ပိုင်းက တရားဝင် စတင်လိုက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်စည်းဝေးပွဲတရပ်ကိုလည်း မွန်းလွဲပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင် ၂၃ ရက်မှာ အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင် အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတို့သို့ တက်ရောက်ခဲ့တယ်လို့ ပြန်ကြားရေးဌာနက သတင်းထုတ်ပါတယ်။ မနေ့ညပိုင်းမှာတော့  ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အစည်း အဝေးကို တက်ရောက် လာကြသူတွေနဲ့အတူ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး MR. Saleumxay Kommasith က တည်ခင်း ဧည့်ခံတဲ့ ဂုဏ်ပြုညစာ စားပွဲကို တက်ရောက်ခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်အထိ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆက်စပ်စည်းဝေးပွဲတွေအတွင်း အာဆီယံ-တရုတ်၊ အာဆီယံ-တောင်ကိုရီးယား၊  အာဆီယံ-အိန္ဒိယ၊ အာဆီယံ-ရုရှား၊ အာဆီယံ-ကနေဒါ၊ အာဆီယံ-ဂျပန်၊ အာဆီယံ-သြစတြေးလျ၊ အာဆီယံ-အီးယူ၊ အာဆီယံ-အမေရိကန်၊ အာဆီယံ-နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေကိုလည်း ကျင်းပဖို့ ရှိပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးတွေ ပူးတွဲတွေ့ဆုံလေ့ရှိတဲ့ ၁၇ ကြိမ်မြောက်  ASEAN Plus Three နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (APT FMM)၊ အာဆီယံနိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ၊ ဂျပန်၊ ရုရှား၊ သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်နိုင်ငံတို့ နိုင်ငံခြားရေးဝန်ကြီးများ စုပေါင်းတွေ့ဆုံတဲ့ 6th East Asia Summit Foreign Ministers Meeting (EAS FMM)၊ အာရှ နှင့် ပစိဖိတ်ဒေသက နိုင်ငံခြားရေးဝန်ကြီးတွေ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စတွေကို ညှိနှိုင်းဆွေးနွေးကြတဲ့  23rd ASEAN Regional Forum (ARF) တို့လည်း ပြုလုပ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ လာအိုနိုင်ငံကနေ ဇူလိုင် ၂၇ ရက်နေ့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up