စစ်ကိုင်းတိုင်းတွင် သစ်တန်ချိန် ၈၀၀ ကျော် ဖမ်းမိထား

စစ်ကိုင်းတိုင်းအတွင်းမှာ အခုနှစ်အတွင်း တရားမဝင်သစ်ဖမ်းဆီးရမှု ၂၆၃ မှု ရှိပြီး စုစုပေါင်း သစ်တန်ချိန် ၈၀၀ ကျော် ဖမ်းဆီးရမိထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းမိတဲ့ သစ်တွေဟာ အများအားဖြင့် ကျွန်း၊ တမလမ်းနဲ့ ပိတောက် တွေ ဖြစ်ပြီး ကျွန်းသစ် ၂၈၉ တန်၊ တမလမ်းနဲ့ပိတောက် ၂၂၈ တန်နဲ့ တခြားအသား ၂၉၈ တန် စုစုပေါင်း သစ်တန်ချိန် ၈၀၀ ကျော် ဖမ်းဆီးရမိထားပါတယ်။
အစိုးရက နိုင်ငံနဲ့တဝန်း သစ်ခုတ်ခွင့်ကို ၁ နှစ်ပိတ်ပင်ထားပေမယ့် တရားမဝင် သစ်ခိုးခုတ် သယ်ဆောင်သူတွေလည်း နေ့စဉ်နဲ့အမျှ တိုးပွားလာနေတဲ့အပေါ် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲမှူး ဦးတင့်ဝေက အခုလို ပြောပါတယ်။
"စစ်ကိုင်းတိုင်းက သစ်တောဧရိယာကကျယ်တယ်။ ဒါကြောင့် တချို့နေရာတွေမှာ ထိန်းသိမ်းရတာ မလွယ်ဘူး၊ ခိုးခုတ်တဲ့လူတွေက အပင်ကို ချိန်းဆွဲလွှတွေနဲ့ ဖြတ်ပြီး ခုတ်တာပါ။ လမ်းမှာ မသင်္ကာလို့စစ်ဆေးရာက ဖမ်းဆီးရမိတာလည်းရှိတယ်။ တချို့ဆိုရင် ယာဉ်တိမ်းမှောက်လို့ စစ်ဆေးကြည့်မှ တရားမဝင်သစ်သယ်လာတဲ့ကားဆိုတာ သိရတယ်။ သတင်းအရ ဖမ်းတာတွေလည်း ရှိပါတယ်။ ဖမ်းဆီးမိတဲ့ သစ်သယ်ဆောင်လာသူတွေကို စစ်ကြည့်လိုက်တော့ မြန်မာနိုင်ငံက သစ်တောနဲ့ သစ်ရှားပါးတဲ့ နေရာတချို့ကို ပို့မယ့်သစ်ကားတွေ အများဆုံးဖြစ်နေတယ်။ နောက်ပြီး ပြည်ပကို ရောင်းစားဖို့ရည်ရွယ်ချက်နဲ့ သယ်ဆောင်လာတဲ့ သစ်ကားတွေလည်း ရှိပါတယ်။ ကျနော်တို့အနနဲ့ကတော့ တတိုင်းလုံးမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ပြီး ဖမ်းဆီးဖို့ ညွှန်ကြားထားပါတယ်" ပြောပါတယ်။
သစ်တွေကို တရားမဝင် ခိုးယူသယ်ဆောင်ရာမှာ ကုန်တင်ကားကြီးတွေနဲ့သာမက လူစီးကားအမျိုးမျိုးနဲ့ပါ သယ်ဆောင်ကြတာတွေလည်းရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က စစ်ကိုင်းမြို့မှာ တရားမ၀င်သစ်တွေ သယ်ဆောင်လာတဲ့ ကားတစီးကို ဖမ်းမိခဲ့သလို ၂၃ ရက်နေ့ကည်း ဗန်းမောက်မြို့နယ် ပိုင်ရှင်မဲ့ တရားမ၀င်သစ်တွေကို တာဝန်ရှိသူတွေက ဖမ်းဆီးမိခဲ့ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ရန်နိုင်စိုး