ပခုက္ကူတွင် ပန်းရောင်စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
July 24, 2016
ပခုက္ကူမြို့နယ် အမှတ် ၁၅ ရပ်ကွက်က နေအိမ်တလုံးမှာ ပန်းရောင် စိတ်ကြွဆေးပြားတွေ ဇူလိုင် ၂၃ ရက်နေ့က ဖမ်းဆီးမိခဲ့ပါတယ်။
ပခုက္ကူမြို့မ ရဲစခန်းမှူးအပါဝင် တာဝန်ရှိသူတွေက ပခုက္ကူမြို့ အမှတ် ၁၅ ရပ်ကွက် ဆင်ပေါက်လှ ၁၀ လမ်းရှိ မသောင်းရီ နေအိမ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲနေကြောင်း သတင်းအရ သွားရောက်ရှာဖွေရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
နေအိမ်မှာ မသောင်းရီ၊ မမျိုးဝယ်၊ စိုးမိုးအောင်၊ အောင်အောင်ဦးတို့ကို တွေ့ရပြီး မသောင်းရီလက်ထဲမှာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေး (၁) ထုပ်ကို ဆေးပြား ၂၀၀ ပါ၊ ၅ ထုပ်၊ စုစုပေါင်း ဆေးပြား ၁၀၀၀ ခန်းမှန်းတန်ဖိုး ကျပ် ၄ သန်းခွဲဖိုးနဲ့ မူးယစ်ဆေးဝါးရောင်းချရငွေ ၁၂၅၀၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပခုက္ကူမြို့မရဲစခန်းက ပြောပါတယ်။
ဒါ့အပြင် အောင်အောင်ဦးရဲ့ ပုဆိုခါးပုံစအတွင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၉ ပြား ခန့်မှန်းတန်ဖိုး ၈၅၅၀၀ ကျပ်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးတွေ လက်ဝယ်ထားရှိ သုံးစွဲဖြန့်ဖြူးရောင်းချသူ အဆိုပါ ၄ ဦးကို ပခုက္ကူမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။
သတင်းနှင့်ဓာတ်ပုံ - မြင့်နိုင်