စစ်ကိုင်းတွင် တရားမဝင်သစ် တင်ဆောင်လာသည့်ကား ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် အုံးတောကျေးရွာအနီးမှာ ဇူလိုင် ၂၂ ရက်နေ့ မနက်က တမလန်းသစ်များ တင်ဆောင်လာတဲ့ ကားတစီးကို ဖမ်းဆီးရမိတယ်လို့ စစ်ကိုင်းမြို့မရဲစခန်းက ပြောပါတယ်။
အဆိုပါ တမလန်းသစ်တွေကို ၁၀ ဘီးကားဖြင့်တင်ဆောင်လာစဉ် သတင်းအရ ရဲတပ်ဖွဲ့က စောင့်ဖမ်းရာကနေ ကားမောင်းသူနဲ့အတူ အခုလို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားတဲ့ တမလမ်းသစ်တန်ချိန်နဲ့တန်ဖိုးကိုတော့ တွက်ချက်နေပြီး တမလမ်းသစ် လေးထောင့်အတုံးရေ ၅၀ ပါရှိကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ ဒုရဲမှူး ဦးကျော်နိုင်ထွန်းက ပြောကြားပါတယ်။
တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့ ကားဟာ မုံရွာမြို့ကနေ မန္တလေးမြို့ကို တင်ပို့မှာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိထားတဲ့ သစ်ကားနဲ့ ကားမောင်းသူကိုတော့ အများပြည်သူပိုင်ကာကွယ်စောင့်ရှက်ရေး ဥပဒေပုဒ်မ (၆၁) နဲ့ စစ်ကိုင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ရန်နိုင်စိုး