ပြည်ထောင်စုကို တည်ဆောက်တဲ့စာချုပ်က တခုပဲရှိသင့်တယ်- ဦးအောင်ထူး

ဦးအောင်ထူး
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအကြား ချုပ်ဆိုခဲ့ကြတဲ့ ပင်လုံစာချုပ်နဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံနဲ့ စုစည်းထားတဲ့ ပြည်ထောင်စုကြီး စတင်သန္ဓေတည်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ အချုပ်အခြာအာဏာပိုင်စိုးတဲ့ နိုင်ငံတခုအဖြစ် အတူတကွလက်တွဲပြီး လွတ်လပ်ရေးရယူခဲ့ကြချိန်နဲ့ မရှေးမနှောင်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတွေဖြစ်ပွားပြီး ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ နီးပါးရှည်ကြာခဲ့သလို ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်သက်ဆိုးအရှည်ဆုံး နိုင်ငံတခုဖြစ်နေဆဲဖြစ်ပါတယ်။ ယခင်အစိုးရတွေအဆက်လက်ထက်က အပစ်အခတ်ရပ်စဲရေးအဆင့်တွေကို တက်လှမ်း နိုင်ပေမယ့် ခိုင်မာအားကောင်းပြီး စည်းနှောင်မှုရှိတဲ့ အပစ်အခတ်ရပ်စဲရေးတွေမဖြစ်ခဲ့သလို ဆယ်စုနှစ်နဲ့ချီပြီး နိုင်ငံရေးဆွေးနွေးမှုအဆင့်ကို တက်လှမ်းနိုင်ခြင်းမရှိခဲ့ပါဘူး။ လက်ရှိအစိုးရသစ်လက်ထက်မှာတော့ ယခင် ပင်လုံညီလာခံကထက် ပိုမိုကျယ်ပြန့်တဲ့၊ တိုင်းရင်းသားမျိုးနွယ်စုတွေ ပိုမိုပါဝင်ဆွေးနွေးနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ၂၁ ရာစုပင်လုံညီလာခံအဖြစ် လာမယ့်သြဂုတ်လ နောက်ဆုံးသီတင်းပတ်ထက်နောက်မကျစေဘဲ စတင်ကျင်းပသွားဖို့ ကြိုးပမ်းနေကြပါတယ်။ ပင်လုံညီလာခံ၊ ၂၁ ရာစုပင်လုံညီလာခံ ဘာကွာခြားမှုရှိသလဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံနိုင်တဲ့၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိစေမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာဖို့ ခရီးနီးလာပါပြီလား။ ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်အခြေစိုက် ဖက်ဒရယ်ဥပဒေ အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး၊ ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ ရှေ့နေ ဦးအောင်ထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။ ပင်လုံညီလာခံကို ၁၉၄၇ မှာ ကျင်းပခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာ ၂၁ ရာစုပင်လုံ ခေါ်ယူဆွေးနွေးတော့မယ်။ ပင်လုံနှစ်ခုကွာခြားချက်၊ လွှမ်းမိုးမှု၊ ဆန့်ကျင်ဘက်ဖြစ်နေရင် ပြည်တွင်းငြိမ်းချမ်းရေးဆက်စပ်မှု ဆရာ့အမြင်ဆွေးနွေးပြပါ။ “ပထမ တခုက တိုင်းပြည် ပြည်ထောင်စုကို တည်ဆောက်တဲ့စာချုပ်က တခုပဲရှိသင့်တယ်လေ။ ဥပမာ ကုလသမဂ္ဂပဋိဥာဉ်စာတမ်းမှာ ကြည့်လို့ရတယ်။ နောက်တခါ ဆွစ်ဇာလန်နိုင်ငံမှာ ၁၂၉၁ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ဖက်ဒရယ်ချာတာဆိုတာ တခုပဲရှိတယ်။ နောက် မလေးရှားနိုင်ငံမှာ ၁၉၆၃ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ မလေးရှားအဂရီးမင့် ဆိုတာ တခုပဲရှိတယ်။ အဲဒီတော့ ပြည်ထောင်စုကို တည်ဆောက်တဲ့၊ လူ့အဖွဲ့အစည်းကို တည်ဆောက်တဲ့ တကယ့်အခိုင်အမာစာချုပ်ကြီးတခုက တခုပဲရှိသင့်တယ်လေ။ နောက်တခု ထပ်လုပ်တယ်ဆိုတာ သဘာဝမကျဘူး။ နောက်တချက်က ဒုတိယတခု ထပ်လုပ်တယ်ဆိုရင် ပထမ ပင်လုံစာချုပ်ကြီးကို တရားမ၀င်၊ အသိအမှတ်မပြုတော့ဘူးလားဆိုတဲ့ မေးခွန်းတက်လာတယ်။ ဘာကြောင့်လဲဆိုတော့ စာချုပ်က ၂ ခုဖြစ်သွားရင် ဘယ်ဟာ တရားဝင်သလဲ။ ပထမတခုက တရားဝင်တယ်ဆိုရင် ဒုတိယတခုက ကျင်းပစရာကို မလိုတော့ဘူး။ ဒုတိယတခု ထပ်ချုပ်ချင်တယ်ဆိုရင်တော့ ပထမတခုကို ပျက်ပြယ်ကြောင်း ကြေညာလိုက်ရတော့မယ်။ ဆိုတော့ ခုဟာက မရှင်းမရှင်းအခြေခံကနေပြီးတော့ နာမည်လှယုံနဲ့ ပင်လုံလို့ကျင်းပတာ မဖြစ်သင့်ဘူးလို့ ထင်တယ်။ “နောက်တချက်ကဘာလဲဆိုတော့ ကိုယ်စားပြုမှုပြဿနာနဲ့ဆိုင်တယ်။ မူရင်း ၁၉၄၇ ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုတုန်းက ကိုယ်စားပြုတက်ရောက်လာကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို သူတို့သက်ဆိုင်ရာအမျိုးသားပြည်နယ်များက လူထုတရပ်လုံးက သူတို့ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုတယ်။ အခု ဒီပင်လုံကိုတက်တဲ့အခါကျတော့ ဘယ်သူက သက်ဆိုင်ရာပြည်နယ်တွေကို ကိုယ်စားပြုလဲဆိုတဲ့ပြဿနာ အကြီးကြီးပဲ။” “နောက်တချက်က ပထမပင်လုံစာချုပ်ချုပ်ဆိုတုန်းက ရှိခဲ့တဲ့နိုင်ငံရေးနောက်ခံအခြေအနေကို အခုဒုတိယပင်လုံစာချုပ်ချုပ်တဲ့အချိန်မှာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာလည်း လုံးဝမရှင်းဘူး။ ဆိုလိုချင်တာက အဲဒီပင်လုံစာချုပ်ချုပ်တုန်းက၊ မူရင်းပင်လုံစာချုပ်ကြီးတုန်းက တိုင်းရင်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းလာရောက်စည်းရုံးတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ မပါဘဲ ငြင်းပယ်လိုက်ကြပြီးတော့ အင်္ဂလိပ်လက်အောက်မှာဆက်နေ၊ သူတို့နည်းသူတို့ဟန်နဲ့ အင်္ဂလိပ်နဲ့ညှိပြီး လွတ်လပ်ရေးယူလို့ရတယ်။ ဒီအခြေအနေမျိုးကို ဒုတိယအကြိမ်ပင်လုံညီလာခံ ပေးမလားဆိုတဲ့ ဘာမှ ရှင်းရှင်းလင်းလင်းမရှိဘူးဖြစ်တယ်။ “နောက်တခါ ဒီစာချုပ်ကြီးက ဟုတ်ပြီ၊ ဒုတိယအကြိမ်ပင်လုံညီလာခံခေါ်လိုက်ပြီ။ စာချုပ်တခု ထွက်လာနိုင်တယ်။ ဒီပင်လုံညီလာခံက ဆုံးဖြတ်ချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပျက်ပြယ်စေသလား။ တနည်းအားဖြင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တခုနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွေ ပေါ်လာအောင် လုပ်နိုင်တဲ့အဆင့်အထိ အခု ကျင်းပမယ့် ညီလာခံက ဆုံးဖြတ်ချက်တွေ ချနိုင်မလားဆိုတော့လည်း ဘာမှမရှိဘူး။ အဲဒီတော့ မရှိတဲ့နောက်ခံက ဘာသွားတွေ့ရလဲဆိုတဲ့အခါကျတော့ အန်အယ်လ်ဒီရဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဘာပြောလဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရင်ကျင်းပ အရင်လုပ်ပြီးတော့မှပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုတဲ့အခါကျတော့ ဒါက ပြောင်းပြန်ဖြစ်နေတယ်လေ။ အဲဒီတော့ ၂၁ ရာစုပင်လုံညီလာခံနဲ့ ဘာမှ မဆက်စပ်ဘူးဖြစ်နေတယ်လေ။ အဲဒီတော့ ဖွဲ့စည်းပုံကြောင့် ပြသနာတက်တာ။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံကတည်းက ပြဿနာစတက်လို့ ပြည်တွင်းစစ်က ရှည်ကြာခဲ့တာ။ အဲဒီတော့ ဒီဖွဲ့စည်းပုံကိစ္စကြီးကို အသေအချာရှင်းပြီးတော့ ဖက်ဒရယ်ဖွဲ့စည်းပုံသစ်တွေ ပေါ်လာမှသာလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးရပြီးတော့ ငြိမ်းချမ်းရေးရနိုင်ပါတယ်။ အဲဒီတော့ အခုက အန်အယ်လ်ဒီခေါင်းဆောင်၊ လွှတ်တော်ဥက္ကဋ္ဌပြောတဲ့ လေသံအရဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအရင်လုပ်ပြီးသွားမှ ဟုတ်လား ဖွဲ့စည်းပုံပြင်မယ်ဆိုတာက နွားရှေ့ထွန်ကျူးပြောင်းပြန်ဖြစ်နေတယ်။ ဒီလိုအနေအထားနောက်ခံနဲ့ ၂၁ ရာစုပင်လုံညီလာခံကျင်းပတာဟာ ဆရာ့အမြင်ကတော့ ဒီဟာက ဘာမှ တိကျရေရာမှု မရှိဘဲနဲ့ ဒီအတိုင်း မျှောသွားနေပြီးတော့မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သက်ဆိုးရှည်ရေး၊ အဲဒီဖွဲ့စည်းပုံနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကိုသာ ပံ့ပိုးမယ့်အလားအလာမြင်တယ်လို့ ဆရာက အဲဒီလိုတွေ့ရတယ်။” အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာသွားပြီးတော့ ညီလာခံမှာ တပ်မတော်အပါအ၀င် မတူကွဲပြားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်ပြီးတော့ ဆွေးနွေးရင်း၊ ဆွေးနွေးရင်းနဲ့ ဒီဖွဲ့စည်းပုံပြင်ရမယ်ဆိုတဲ့လမ်းကြောင်းတခု ပေါ်လာပြီးတော့မှ မဖြစ်မနေပြင်သွားရမယ်ဆိုတာရော မဖြစ်နိုင်ဘူးလား။ “မဟုတ်ဘူး၊ ဒီလို ဖွဲ့စည်းပုံပြင်ရေးဆိုတာက အန်အယ်လ်ဒီက တင်နေတာ၊ ဒါ အိုင်ဒီယာအသစ်မဟုတ်ဘူး။ ဒါပေမယ့် လက်တွေ့ပြင်လို့မှ မရဘဲဟာ၊ ဒါတခု။ နောက်တခုက ၂၀၀၈ ဖွဲ့စည်းပုံက ပြင်တဲ့နည်းလမ်းနဲ့ သွားလို့ကို မရဘူး။ ဒါ ပြည်တွင်းထဲမှာရှိတဲ့ ဥပဒေပညာရှင်တချို့ကိုယ်တိုင်ထုတ်ဖော်ထားပြီသား။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက လှေပျက်ကြီးလိုပဲ။ ဟိုကပေါက်၊ ဒီကဖာနေတာ။ ဒီလိုလှေပျက်ကြီးမျိုးနဲ့ သမုဒ္ဒရာပြင်ဖြတ်မယ်ဆိုတာဟာ ဘယ်တော့မှ ဖယ်ဒရယ်ကို မရောက်နိုင်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်တဲ့လမ်းကြောင်းနဲ့ သွားလို့ကို မရဘူး။ ကဲ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်တဲ့လမ်းနဲ့ ဘယ်သူပြင်သွားမလဲဆိုတာကို အန်အယ်လ်ဒီက ရှင်းရှင်းလင်းလင်း ကြေညထားတာရှိသလား။ လုပ်ငန်းစဉ်တရပ်ချပြထားတာရှိသလား။ ဘယ်ပုဒ်မကို ဘယ်လိုပြင်ဆိုပြီးတော့။ ဥပမာဆိုကြပါစို့ဗျာ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုရင် တိုင်းရင်းသားတွေကို တန်းတူရည်တူအာမခံချက်ပေးရတော့မယ်။ အဲဒါဆိုရင် ပြည်ထောင်စုဖွဲ့စည်းပုံဟာ တိုင်းတွေနဲ့သွားလို့မရတော့ဘူး၊ ပြည်ထောင်စုက အမျိုးသားပြည်နယ်၊ အမျိုးသားများပြည်နယ်များနဲ့သာလျှင် ဖွဲ့စည်းမယ့်ပြည်ထောင်စုဖြစ်စေရမယ်။ ဒါနဲ့ပတ်သက်ရင် ဒါဖြင့်ရင် အန်အယ်လ်ဒီမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့မူရှိပြီလား။ ကျနော်တို့သိသလောက်တော့ ဘာမူမှမရှိဘူး။ အဲဒီတော့ ဘာမူမှမရှိဘဲနဲ့ အင်တန်ပြင်ရခက်အောင်လုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးနဲ့ ဖက်ဒရယ်ကိုသွားမယ်ဆိုတာ ဖြစ်ကို မဖြစ်နိုင်ဘူး။” ဒီညီလာခံကို ဦးဆောင်ကျင်းပမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်က ပါဝင်သင့်ပါဝင်ထိုက်သူပါရေးဆောင်ရွက်ကြဖို့ပြောဆိုညွှန်ကြားတယ်။ တမြန်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက တအာင်းပလောင်၊ ရခိုင်၊ ကိုးကန့် တပ်တွေကို လက်နက်စွန့်ဖို့ ထပ်ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ ပါဝင်သင့်ပါဝင်ထိုက်သူ ဘယ်သူဆိုတာကို အစိုးရက ဆုံးဖြတ်တာလား။ လက်တွေ့အားဖြင့် တပ်မတော်က ဆုံးဖြတ်သလိုဖြစ်မနေဘူးလား။ နိုင်ငံတကာအတွေ့အကြုံမှာ ဘယ်လိုတွေရှိပြီး မြန်မာပြည်ကိစ္စမှာ ဘယ်လိုဖြစ်သင့်သလဲ။ “ဆိုလိုတာကတော့ တိုင်းပြည်ကိုတည်ဆောက်မယ့်၊ ဖွဲ့စည်းပုံရေးဆွဲမယ့် ကိုယ်စားလှယ်ကို ရွေးချယ်စေလွှတ်တဲ့အခါမှာ ဥပမာ- ကမ္ဘာမှာ အအောင်မြင်ဆုံး ဖက်ဒရယ်နိုင်ငံလို့လည်းပြောလို့ရတဲ့၊ နောက်ဖွဲ့စည်းပုံရှုထာင့်က ကြည့်မယ်ဆိုရင်လည်းပဲ သက်တမ်းအရှည်ဆုံးလို့ ပြောလို့ရတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံရေးဆွဲရေးလုပ်ငန်းတွေ ကြည့်လိုက်လေ၊ ကိုယ်စားလှယ်တွေ ရွေးချယ်စေလွှတ်တဲ့ကိစ္စက သက်ဆိုင်ရာ အမျိုးသားပြန်နယ်တွေမှာရှိတဲ့ အမျိုးသားလူထုတွေရဲ့ အခွင့်အရေးသာဖြစ်ရမယ်။ အဲဒါ ထိပ်ပိုင်းကနေတဲ့ ဘယ်ပုဂ္ဂိုလ်ကပဲဖြစ်ဖြစ် (သို့မဟုတ်) ဘယ်စစ်တပ်ခေါင်းဆောင်မှ ဘယ်ကောင်တော့ပါ၊ ဘယ်ကောင်တော့မပါနဲ့၊ ဘယ်ကောင်တော့တက်ခွင့်ပေး၊ ဘယ်ကောင်တော့ တက်ခွင့်မပေးနဲ့ဆိုတာ ဆုံးဖြတ်ခွင့်မှ မရှိဘဲဟာ။ အခုက ဒီအခြေခံသဘောတရားလောက်တောင်မှ နားမလည်ဘဲနဲ့ သက်ဆိုင်ရာလူထုကို ကိုယ်စားပြုတဲ့ကိစ္စ ဆုံးဖြတ်ခွင့်မပေးဘဲနဲ့ ဘယ်သူ့ကိုတော့ဖြင့် ဘာကိစ္စကြောင့် ငါတို့က မကြိုက်ဘူး၊ ဘယ်သူကတော့ ငါတို့ကြိုက်တဲ့လူ လာတက်ဆိုတဲ့ပုံစံနဲ့သွားလို့ကတော့ ဘယ်တော့မှ စစ်မှန်တဲ့၊ ဘာညီလာခံမှ မဖြစ်နိုင်တာ၊ ဒါ ကိုယ်စားပြုမှုနဲ့ဆိုင်တဲ့ပြဿနာဖြစ်တယ်။ “အဲဒီတော့ ပြည်ထောင်စုကြီးကို တကယ်စစ်မှန်စွာပြန်လည်ဖွဲ့စည်းချင်တယ်ဆိုရင် ဒီစာချုပ်ကြီးကို ပြန်လည်ရေးသားချုပ်ဆိုမယ့်၊ စစ်မှန်တဲ့ ကိုယ်စားပြုမှုရှိနိုင်ဖို့ဆိုရင် အခု သက်ဆိုင်ရာပြည်နယ်တွေမှာ ဒီမိုကရေစီ ချက်ခြင်းပေးလိုက်ပါ။ အခုဟာက ဒီမိုကရေစီအတုအယောင်ပဲဟာ။ ဒီမိုကရေစီချက်ခြင်းပေးပါ၊ ရှင်းရှင်းလေးပါ။ သက်ဆိုင်ရာ ကချင်ပြည်နယ်လား၊ ရှမ်းပြည်နယ်လား၊ ကရင်ပြည်နယ်လား၊ ကရင်နီလား၊ သူ့ဖာသာ ရွေးသွားကြလိမ့်မယ် လူထုတွေက။ အခု ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေတင်သာမကဘဲနဲ့ သက်ဆိုင်ရာအမျိုးသားပြည်နယ်တွေမှာ အမျိုးသားလူထုက လိုလားမြတ်နိုးတဲ့ ခေါင်းဆောင်တွေလည်း ရှိနိုင်တယ်။ သူတို့ဟာသူတို့ ရွေးချယ်ခွင့်ပေးလိုက်ပါ၊ အစည်းအဝေးတွေကျင်းပခွင့်ပေးလိုက်ပါ။ အခုဟာက AA လား၊ TNLA လား၊ ကိုးကန့်လား လက်ညှိုးထိုးစရာမလိုပါဘူး။ သူ့သက်ဆိုင်ရာလူထုတွေက ပြည်နယ် သူ့ခေါင်းဆောင် သူရွေးသွားကြပါလိမ့်မယ်။ “ဒီဖြစ်စဉ်လောက်ကိုမှ လက်မခံနိုင်ဘဲနဲ့ စိတ်ကြိုက်ခေါင်းခေါက်ပြီးတော့ ကိုယ်လိုချင်သောပုဂ္ဂိုလ်များနဲ့ ညီလာခံကိုကျင်းပသွားမယ့်ပုံစံကတော့ဖြင့် ၁၉၉၃ မှာကျင်းပခဲ့တဲ့ အမျိုးသားညီလာခံမျိုးနဲ့ အတူတူပဲဖြစ်မယ်။ နောက်ထပ် ၂၀၀၈ ဖွဲ့စည်းပုံ၊ ဒီထက်ဆိုးတဲ့ ဖွဲ့စည်းပုံပေါ်လာဖို့ပဲရှိတယ်လို့ ဆရာတော့ ပြောချင်တယ်။” အစိုးရဟာ အမျိုးသားရင်ကြားစေ့ရေးအတွက်ဆိုပြီး တပ်မတော်ကို ပိုမိုလိုက်လျောပြီး ကျန်အင်အားစုတွေကို ပစ်ပယ်ထားသလိုဖြစ်နေတယ်လို့ ဝေဖန်မှုတွေရှိတယ်။ National Reconcialion အဓိပ္ပာယ်သတ်မှတ်ချက်အပြည့်အစုံကဘာလဲ။ ဘယ်အင်္ဂါရပ်တွေမဖြစ်မနေပါဖို့လိုလဲ။ “ဟုတ်ပြီ။ ဒီအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာဟာ တမျိုးသားလုံး လက္ခဏာဆောင်တဲ့ပြန်လည်သင့်မြတ်ရေးကိုဆိုလိုတယ်။ ဘက်နှစ်ဘက် ပဋိပက္ခဖြစ်နေတကြတဲ့ နိုင်ငံရေးအင်အားစုတခုတည်းကို ဆိုလိုတာမဟုတ်ဘူး။ ဥပမာဆိုကြပါစို့၊ ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ ဒီကိစ္စကို စတင်သုံးစွဲခဲ့တဲ့ ၁၉၉၄ တုန်းက တောင်အာဖရိကနိုင်ငံ အတွေ့အကြုံကိုကြည့်ပါ။ အဲဒါက ဘာလဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ လူ့အခွင့်အရေးကို အခြေခံထားတဲ့ ပြန်လည်သင့်မြတ်ရေးဖြစ်တယ်။ အဲဒီတော့ ပဋိပက္ခဖြစ်စဉ်တလျောက်လုံးအတောအတွင်းမှာ၊ အာဏာရှင်တွေအုပ်ချုပ်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာအတောအတွင်းမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခတွေကြောင့် လူထုတွေ နစ်နာဆုံးရှုံးသွားခဲ့တဲ့ဟာတွေကို ဘယ်လိုပြန်လည်ကုစားမလဲဆိုတဲ့အခြေခံကနေစဉ်းစားတာက အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်တယ်။ “အဲဒီတော့အာဏာအလွှဲအပြောင်းကိစ္စတွေမပါဘူးမဟုတ်ဘူး၊ ပါတယ်။ ဒါပေမယ့်အခြေခံက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာက ထိပ်ပိုင်းခေါင်းဆောင်တစု၊ ပဋိပက္ခဖြစ်တဲ့အင်အားစု ၂ စု ပြန်လည်သင့်မြတ်ရေးက အဓိကမဟုတ်ဘူး။  လူထုတရပ်လုံးပြန်လည်သင့်မြတ်ရေး။ တနည်းအားဖြင့်ပြောမယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့ကြသူများနဲ့ ကျူးလွန်ခံခဲ့ရသူကြားထဲမှာ ပြန်လည်သင့်မြတ်ရေးကို ရှာဖို့က အဓိကဖြစ်တယ်။ အဲဒီအခြေခံကနေပြီးတော့မှ ဒီမိုကရေစီကို ဘယ်လိုပြန်လည် တည်ဆောက်ကြမလဲ၊ နိုင်ငံသစ်ကို ဘယ်လိုပြန်လည်တည်ဆောက်ကြမယ်လို့ ဖော်ဆောင်ပြီးတော့မှ တောင်အာဖရိကနိုင်ငံမှာ အမှန်တရားဖော်ထုတ်ရေးနှင့်ပြန်လည်သင့်မြတ်ရေးကော်မရှင် Truth and Reconciliation Commission ကို ဖွဲ့စည်းခဲ့တာ။ ဆိုတော့အဲဒီသာဓကမျိုးကို အခြေခံပြီးတော့ ဒီနေ့ကမ္ဘာမှာ အမှန်တရားဖော်ထုတ်ရေးနှင့်ပြန်လည်သင့်မြတ်ရေးကော်မရှင်ကိုဖွဲ့စည်းတာ နိုင်ငံ ၄၀ လောက်မှာ ဖြစ်နေပြီ။ ကနေ့မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့သာပြောနေတယ်၊ လူထုရဲ့၊ အထူးသဖြင့် တိုင်းရင်းသားပြည်နယ်တွေရဲ့ တိုင်းရင်းသားလူထုရဲ့ ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ကိစ္စရပ်ကြီးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥပက္ခာပြုထားတာလည်း ဘယ်လိုလုပ်ဖက်ဒရယ်သွားလို့ရမလဲ။ အခုပဲကြည့်ပါ ပြီးခဲ့တဲ့ရက်ပိုင်းကတင်ပဲ ၅ ယောက်အသတ်ခံခဲ့ရတဲ့ကိစ္စ။ ဟိုတယောက်မုဒိမ်းကျင့်ခံရတဲ့ကိစ္စ၊ မြစ်ကြီးနားမှာဖြစ်တဲ့ကိစ္စ၊ ပြီးခဲ့တဲ့လပိုင်းကတင်ပဲ ကေအန်ယူစစ်သား ၂ ဦး သတ်ခံရတဲ့ကိစ္စ။ ကောင်းခါးကိစ္စ။ အများကြီးပဲ တောက်လျှောက်ဖြစ်နေတာ။ ဘယ်လိုအမျိုးသားပြန်လည်သင့်မြတ်ရေးရနိုင်ပါ့မလဲ။ အဲဒီတော့ အခုသွားနေတဲ့လမ်းကြောင်းက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ (၁) က ဘာလဲဆိုတာကို ဘယ်တုန်းကမှ အတိအကျ အဓိပ္ပာယ်ဖွင့်မထားဘူး။ (၂) က လူထုတရပ်လုံး၊ အထူးသဖြင့် တိုင်းရင်းသားပြည်နယ်တွေက တိုင်းရင်းသားခံစားခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုံးဝဥပက္ခာပြုပြီးတော့ လက်ရှိတက်နေတဲ့ မြန်မာစစ်တပ်များနဲ့ပြန်လည်သင့်မြတ်ရေး လက်တွေ့လုပ်နေတဲ့ဖြစ်စဉ်ဟာ ရာနှုန်းပြည့်မှားနေတယ်လို့ ဆရာတော့မြင်တယ်။” နယ်စပ်တွေမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းတွေတုန်းက T.J ပေါ့ transitional justice (အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု) ဆိုပြီးတော့ သင်တန်းတွေလည်းပေးတယ်၊ ဆောင်ရွက်နေတာတွေလည်းရှိတယ်။ အခု အဲဒီပုဂ္ဂိုလ်တွေသည်ပင်လျှင် T.J ကိစ္စကို မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ၀င်သုံးတာမတွေ့ရဘူး။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ထုတ်ရေးက ဒီအချိန်မှာ အရေးကြီးလား၊ ညီလာခံကျင်းပနေချိန်နီးလို့ ဒါတွေကို သည်းခံချုပ်တည်းထားရမလား။ ဘယ်လိုသက်ရောက်မှုရှိစေသလဲ။ “မဟုတ်ဘူး။ တကယ်တော့ ကိုအေးနိုင်ရေ၊ မီဒီယာဆရာရေ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမှန်တရားဆိုတာ အချိန်ကာလနဲ့ မဆိုင်ဘူး။ တောက်လျောက်အရေးကြီးတယ်၊ စဉ်ဆက်မပြတ်တောင်းဆိုနေရမှာဖြစ်တယ်။ အဆက်မပြတ်အားကောင်းကောင်းနဲ့ကို ဖော်ကျူးနေရမှာဖြစ်တယ်။ ဒါက နိုင်ငံရေးအခြေအနေအတက်အကျပေါ်မူတည်ပြီးတော့ မှိန်ထားလို့ရတဲ့အရာမျိုးမဟုတ်ဘူး၊ မြှုပ်ကွယ်ထားလို့ရတဲ့အရာမျိုးမဟုတ်ဘူး၊ ဥပက္ခာပြုထားလို့ရတဲ့အရာမျိုးမဟုတ်ဘူး၊ မလုပ်သင့်ဘူး၊ ဒီအချက်ကိုပြောချင်တာ။ အဲဒီတော့ အခုလိုမျိုး ပင်လုံ၊ ၂၁ ရာစုပင်လုံသည် နာမည်ကတော့ လှပါရဲ့ ဘာမှအနှစ်သာရမရှိတဲ့ ညီလာခံမျိုးနဲ့သွားပြီးတော့မှ လူထုတရပ်လုံးခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြီးကို ပစ်ပယ်ထားတာ ဘာဖြစ်လဲဆိုတော့ တဖက်ကတော့ ဟန်ဆောင်ညီလာခံသွားနေတာပေါ့။ မြေပြင်မှာတော့ဖြင့်ရင် ကျနော်တို့ တိုင်းရင်းသားလူထုတွေဟာ အဆက်မပြတ် လူ့အခွင့်အရေးချိုးဖောက်မှုကြီးတွေ ခံနေရဦးမယ်။ ဒါကြောင့် မှိန်ထားတယ်ဆိုရင်တော့ ဒါဟာ မှိန်ထားတဲ့ပုဂ္ဂိုလ်တွေရဲ့တာဝန်ပဲဖြစ်မယ်။ ဆရာတို့အနေနဲ့ကတော့ ဒီကိစ္စမှိန်ထားတာ၊ ဥပက္ခာပြုထားတာကို လုံးဝမလိုလားဘူး။ သို့သော်ဘာကြောင့် အန်အယ်လ်ဒီက ဒီကိစ္စစကားမပြောသလဲဆိုတော့ သူက အစိုးရလုပ်ချင်တယ်လေ။ အစိုးရလုပ်ချင်တဲ့အခါကျတော့ မြန်မာစစ်တပ်ရဲ့ ထောက်ခံမှုမရမချင်း သူက အစိုးရလုပ်လို့မရဘူး။ အဲဒီတော့ မြန်မာစစ်တပ်မကြိုက်တာ မလုပ်ရဲ၊ မပြောရဲတော့ဘူး။ အဲဒီတော့ ဒီဟာက အဓိက ပြဿနာပဲ။ အခု ကောင်းခါးမှုခင်းကြီးကိုကြည့်လေ။ ကောင်းခါးမှုခင်းကြီးဖြစ်တဲ့ကိစ္စက ကချင်ဆရာမလေး ၂ ယောက် မုဒိမ်းကျင့်သတ်ခံရ၊ မြန်မာနိုင်ငံသမိုင်းမှာ တဦးချင်းခံစားရတဲ့အထဲမှာ အဆိုးရွားအပြင်းထန်ဆုံးပဲ။ ဒါကြီးကို ကနေ့အချိန်အထိ အန်အယ်လ်ဒီအစိုးရ ဘာမှမပြောဘဲ နှုတ်ပိတ်ရေငုံလုပ်နေတာ ဘာသဘောကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ So Call Elected Government ပေါ့။ လူထုက ရွေးချယ်တင်မြှောက်ခြင်းခံထားရလို့ တရားဝင်တယ်ဆိုတဲ့သဘောဆောင်တဲ့အစိုးရ အုပ်ချုပ်နေသော်ငြားလည်းပဲ တိုင်းရင်းသားလူထုရဲ့ ဘ၀အခြေအနေက သမိုင်းဦးမှာရှိခဲ့တဲ့၊ ပညာရှင် Thomas Hobbes ပြောခဲ့တဲ့ State of Nature လို့ခေါ်တဲ့ သဘာဝအခြေအနေမှာ ပြန်ရှိနေတယ်လို့ပဲ ပြောချင်တယ်။” ၂၁ ရာစုပင်လုံညီလာခံလမ်းကြောင်းအတိုင်းသွားကြတဲ့အခါ နိုင်ငံရေးမူဘောင်ရေးဆွဲရေးမှာ အားလုံးပါဝင်ရေးဟာ သိပ်အရေးကြီးတယ်လို့ ယူအန်အက်ဖ်စီခေါင်ေးဆာင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို  ရှင်းရှင်းလင်းလင်းတင်ပြခဲ့ကြတယ်။ အခုနလို ကန့်ခံထားရတဲ့အဖွဲ့တွေ ရှိနေဆဲဆိုတော့ ဖြစ်ပါ့မလား။ “နိုင်ငံရေးမူဘောင်ရေးဆွဲတာက ၂၁ ရာစုပင်လုံညီလာခံအပေါ်မှာ အခြေခံရေးဆွဲတာမဟုတ်ပါဘူး။ နိုင်ငံရေးမူဘောင်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၅ ရက်နေ့က လက်မှတ်ထိုးချုပ်ဆိုခဲ့တဲ့ အန်စီအေပေါ်မှာအခြေခံပြီးပေါ်ထွက်လာတဲ့ နိုင်ငံရေးမူဘောင်ဖြစ်တယ်။ အဲဒါကြောင့် အဲဒီနိုင်ငံရေးမူဘောင်က အန်စီအေကို ကျော်လို့မရတာ။ အန်စီအေမှာ ချမှတ်ထားတဲ့မူကို ကျော်လို့မရဘူး။ အဲဒီတော့ ကနေ့ ၂၁ ရာစုပင်လုံညီလာခံက ဘာမူမှ ချမထားဘူး၊ ဘာကတိမှ ပေးမထားဘူး။ အဲဒီတော့ နိုင်ငံရေးမူဘောင်ဆိုတာက ၂၁ ရာစုပင်လုံညီလာခံနဲ့ တခြားစီပဲ။ အဲဒီတော့ အန်စီအေပေါ်မှာအခြေခံထားပြီး ပေါ်ထွက်လာတဲ့ နိုင်ငံရေးမူဘောင်ဟာ အန်စီအေကို ကျော်လို့မရတဲ့အတွက် အဲဒီနိုင်ငံရေးမူဘောင်က ရေးထားပြီးသား။ အဲဒီထဲမှာ ဘာတွေပါလဲဆိုတဲ့အခါကျတော့ စစ်တပ်ကိုယ်စားလှယ် ၁၅၀ ပါတယ်လေ၊ စဉ်းစားကြည့်ပေါ့။ ဆိုတော့ ဒါက အန်စီအေရဲ့ မတိကျမှုအပေါ်အခြေခံပြီးတော့ ပေါ်ထွက်လာတဲ့ နိုင်ငံရေးမူဘောင်ဖြစ်တဲ့အခါကျတော့ ဘာနဲ့သွားပြင်မလဲ။ အန်စီအေကိုယ်တိုင်ကိုက မတိကျဘဲ အားမကိုးလောက်တဲ့ စာချုပ်ကြီးဖြစ်တယ်။ အဲဒီစာချုပ်ကြီးပေါ် အခြေခံပြီးရေးဆွဲပေါ်ထွက်လာတဲ့နိုင်ငံရေးမူဘောင်ကို ဘယ်မူကိုကိုင်ပြီးသွားပြင်မလဲ။ လက်တွေ့ပြင်တဲ့အခါမှာ အခက်အခဲရှိတယ်။ “ဒါကြောင့် မြန်မာပြည်ငြိမ်းချမ်းရေးရဖို့ တကယ်တော့သွားသင့်တာက ညီလာခံမဟုတ်ဘူး။ သွားကြည့်စမ်းပါ ကမ္ဘာမှာ၊ ငြိမ်းချမ်းရေးလို့ပြောတဲ့ကိစ္စက ညီလာခံနဲ့ မသွားပါဘူး။ နိုင်ငံရေးဆွေးနွေးပွဲနဲ့သွားရတယ်။ အဲဒီတော့ ညီလာခံနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဘာကွာသလဲဆိုတဲ့အခါကျတော့ ညီလာခံဆိုတာက လူ ၆၀၀ တက်ရင် ၆၀၀ စလုံးက တယောက်တယောက် ပြောခွင့်ရှိတယ်။ နိုင်ငံရေးဆွေးနွေးပွဲကအဲလိုမဟုတ်ဘူး၊ ခင်ဗျား၊ ဘက် ၂ ဘက် ဆွေးနွေးကြတယ်။ ပဋိပက္ခဖြစ်တဲ့ ဘက် ၂ ဘက် ဆွေးနွေးတယ်ဆိုတာ ဘက် ၁ ဘက်ချင်းစီရဲ့သဘောထားက အဓိက။ ဘက်တဘက်က လူ ၁၀၀ တက်တယ်၊ ဘယ်တဘက်က လူ ၁၅၀ တက်တယ်၊ ပြဿနာမရှိဘူး။ ဘက်တဘက်ချင်းဆီမှာ သူ့ဟာသူ ညှိပြီးတော့မှ တဘက်ချင်းဆီရဲ့ သဘောထားအသံကို ယူတယ်။ ဒါကြောင့်မို့လို့ အဖြေရှာရတာလွယ်တယ်။ မြန်မာနိုင်ငံအတွေ့အကြုံအရ ဘက် ၃ ဘက်ပဲ ထားကြပါဦးတော့ဗျာ။ လက်ရှိတက်နေတဲ့ အန်အယ်လ်ဒီအစိုးရနဲ့ နိုင်ငံရေးပါတီတွေတဘက်၊ နောက်တခါ မြန်မာစစ်တပ်ခေါင်းဆောင်တွေ တဘက်၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ တဘက် ဒီလို သုံးဖက်ထားကြပါဦးတော့၊ အဖြေရှာလို့ ရနိုင်သေးတယ်။ သို့သော် အခု သာဓကကြည့်ပါ၊ ငြိမ်းချမ်းရေးညီလာခံ။ ငြိမ်းချမ်းရေးညီလာခံလုပ်လိုက်တယ် ဟုတ်လား၊ တက်တဲ့လူတွေ တယောက် ၁၀ မိနစ်ပေးပြောလိုက်တယ်။ ဂရုပ်တခုမှာ လူ ၅၀ ရှိတယ်၊ မိနစ် ၅၀၀ ကုန်သွားပြီ။ ပြီးတော့ ဘာတခုမှ အကျေအလည်ဆွေးနွေးခွင့်မရှိဘူး။ ဒါက မှတ်တမ်းတင်လိုက်ပါဆို ပြီးသွားပြီ။ ဒီလိုဆွေးနွေးပွဲမျိုးနဲ့၊ ညီလာခံဆိုတဲ့ပုံစံမျိုးနဲ့ ၂၁ ရာစုခေါင်းစဉ်အောက်မှာ သွားလည်းပဲ ဘာမှ ထူးမှာမဟုတ်ဘူး။ ဘာဟုတ်တိပတ်တိအဖြေထွက်မှာမဟုတ်ဘူး၊ နှစ်ပေါင်းများစွာကြာမယ့်သဘောပဲရှိမယ်။” ညီလာခံရဲ့နှလုံးသည်းပွတ်လို့ခေါ်နိုင်လောက်တဲ့ နိုင်ငံရေးမူဘောင်က ပြန်သုံးသပ်တော့မယ်ပေါ့နော်၊ အဲဒါက ဘာကြောင့်အရေးကြီးတာလဲ၊ ဘယ်လိုအခြေခံသတ်မှတ်ချက်စံတွေရှိရမလဲ။ “ဆရာခုနရှင်းပြသလိုပဲလေ။ ညီလာခံပုံစံနဲ့ကတော့ မမြင်ဘူး၊ တိုးတက်ဖို့ကတော့။ ဆွေးနွေးမှုပုံစံကိုပြောင်းရမယ်၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ရမယ်။ ဆွေးနွေးပွဲက ဘက် ၂ ဘက်လား၊ အများဆုံး ဘက် ၃ ဘက်လား ဆွေးနွေးပွဲဖြစ်ရမယ်။ ညီလာခံပုံစံနဲ့သွားရင် တယောက်တပေါက်နဲ့ ထဆွေးနွေးကြခြင်းအားဖြင့် အဖြေတခုရအောင် မကျနိုင်ပါဘူး။ အဲဒီတော့ ဘက်တဘက်စီက ဆွေးနွေးပွဲတွေကို ရိုးရိုးရှင်းရှင်းကျင်းပခွင့်ပေးရမယ်။ အဲဒီလို ကျင်းပခွင့်မပေးဘဲ ညီလာခံလုပ်တဲ့အခါကျတော့ သူ့လူကိုယ့်ဘက်သား မဲအများဆုံးရအောင် စည်းရုံးနိုင်တဲ့လူတွေက ညီလာခံကို လွှမ်းမိုးသွားလိမ့်မယ်။ အဲဒီအခါကျတော့ အသေချာဆုံးကတော့ အခုဆွဲထားတဲ့ နိုင်ငံရေးမူဘောင်အရဆိုရင်တော့ အမျိုးသားညီလာခံထက် ပိုဆိုးသွားမယ်။ ၁၉၉၃ အမျိုးသားညီလာခံတုန်းကတောင်မှ စစ်တပ်ကိုယ်စားလှယ်တွေ မပါဘူး။ အခုဟာက ညီလာခံအောက်မှာ စစ်တပ်ကိုယ်စားလှယ် အခိုင်အမာ ပါသွားတယ်။ ပြီးရင် တခြားသူ့ကို လိုလားတဲ့နိုင်ငံရေးအင်အားစုတွေ ပါတဲ့အခါကျတော့ ဘယ်လိုနည်းနဲ့မှ ၃ ပုံ ၂ ပုံ ဆုံးဖြတ်ချက်ကျအောင် မချနိုင်ဘူး။ ပြန်ကြည့်ပါ မူဘောင်အရ။ ဆိုလိုတာက တက်ရောက်တဲ့အင်အားစု ဦးရေရဲ့ ၃ ပုံ ၂ ပုံ ရမှ ဖက်ဒရယ်လိုအရေးကြီးတဲ့ကိစ္စကို ဆုံးဖြတ်လို့ရမယ်ဆိုရင် ဒါကြီးက ဘာမှ အဓိပ္ပာယ်မရှိတဲ့ညီလာခံကြီးပဲ။ ဒီလိုပဲ ပြောချင်တယ်။” ဖက်ဒရယ်ဆိုတဲ့စကားလုံးကို အန်အယ်လ်ဒီ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေသုံးကြတယ်။ တပ်မတော်ကလည်း ဖက်ဒရယ်ကို ထပ်ကာထပ်ကာပြောလာတယ်။ ပြောဆိုနေကြတဲ့ ဖက်ဒရယ်ပုံစံအမျိုးမျိုးဟာ လာမယ့်ညီလာခံမှာ ညှိနှိုင်းရင် လပိုင်းအတွင်း၊ နှစ်ပိုင်းအတွင်းညှိနှိုင်းပြေလည်နိုင်လောက်အောင် နီးစပ်တာတွေ့ရလား။ “မနီးစပ်ဘူး၊ မနီးစပ်ဘူး။ ခုနပြောသွားတဲ့အခြေအနေအရ မနီးစပ်ဘူး။ အဓိကက တကယ့်ဖက်ဒရယ်စနစ်အစစ်အမှန်ကို သွားချင်တယ်ဆိုရင်တော့ ချဉ်းကပ်ပုံကိုပြောင်းဖို့လိုတယ်။ Top Down (အထက်မှအောက်ခြေသို့) မသွားသင့်ဘူး။ Bottom Up (အောက်ခြေမှ အထက်သို့) သွားသင့်တယ်။ Bottom Up ဆိုတာက တကယ့်စစ်မှန်တဲ့ဖွဲ့စည်းပုံတွေပေါ်လာရေးအခြေခံလမ်းကြောင်းပဲ။ အောက်မှအထက်သို့ဖြစ်သင့်တယ်၊ အထက်မှ အောက်သို့ မဖြစ်သင့်ဘူး။ အခု အန်အယ်လ်ဒီက သွားတဲ့လမ်းကြောင်းကလည်းပဲ Top Down ပဲ။ ဆိုတော့ ဒါကို ပြောင်းပြန်လှန်ဖို့လိုတယ်။ ဆိုလိုချင်တာကတော့ ၂ ပိုင်းပါဝင်ပတ်သက်မှုပေးရမယ်။ ပြည်ထောင်စုအဖွဲ့အစည်းထဲမှာပါဝင်တဲ့ ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကို ဥပဒေနဲ့အညီ တရားဝင်အသိအမှတ်ပြုပြီးတော့ ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကို ဖော်ဆောင်ပေးဖို့လိုတယ်၊ ဒါ တပိုင်း။ ဒုတိယတပိုင်းက ပြည်နယ်တွင်းမှာရှိတဲ့ လူထုတွေရဲ့ သဘောထားအမြင်တွေကို လေ့လာဆွေးနွေးခွင့်၊ စုပေါင်းအဖြေထုတ်ခွင့်၊ အကြံပြုတင်ခွင့် ဒီလှုပ်ရှားမှုတွေ ပေါ်လာဖို့လိုတယ်။ ဒီပေါ်မှာအခြေခံပြီးတော့မှ ရတဲ့သဘောထားတွေကို စုစည်းပြီးတော့မှ ကိုယ်စားလှယ်တွေက တွေ့ဆုံဆွေးနွေးခြင်းမျိုးသားလျှင် တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာနိုင်ပါတယ်။” နိုင်ငံတွင်းက အဓိကတိုင်းရင်းသားမျိုးနွယ်စုကြီးဖြစ်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းထဲက  ဗမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မတွေ့ရဘူး။ ဗမာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး၊ ဗမာပြည်နယ်ထူထောင်ရေး တောင်းဆိုမယ့်သူတွေ မတွေ့ရဘူး။  ဖက်ဒရယ်ပြည်ထောင်စုသွားတဲ့လမ်းကြောင်းမှာ တိုင်းရင်းသားပေါင်းစုံ ပါရမယ်မဟုတ်လား။ “အဲဒါက နိုင်ငံရေးအရ မရှင်းလို့ပေါ့။ ဆိုလိုချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်က မရှင်းလို့ဖြစ်တယ်။ ခုနပြောတဲ့ပုံစံနဲ့ Top Down ပုံစံနဲ့ သွားနေလိုက်ကြတယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာဟာ ပြည်ထောင်စုဖွဲ့စည်းရာမှာ ပါဝင်တဲ့ ယူနစ်တွေက အရေးကြီးတယ်ဆိုတဲ့ အောက်ခြေကို မစဉ်းစားကြတဲ့ပြဿနာဖြစ်တယ်။ အဲဒီယူနစ်တွေနဲ့ ပြည်ထောင်စုကို ဖွဲ့စည်းရမယ်ဆိုတဲ့ အိုင်ဒီယာကို မရှင်းတဲ့ပြသနာဖြစ်တယ်။ အဲဒီတော့ ယူနစ်ရဲ့သဘောကို နားလည်သွားပြီးတော့ ယူနစ်အခြေခံကို Bottom Up သဘောပေါက်သွားပြီဆိုရင် ပြည်ထောင်စုက ဘာနဲ့ဖွဲ့စည်းမလဲ၊ ပြည်ထောင်တွေနဲ့ ဖွဲ့စည်းရမယ်။ အခု တိုင်းရင်းသားခေါင်းဆောင်တွေ ပြည်ထောင်ဆိုတဲ့စကားလုံးကို သုံးလာပြီ။ ဆရာတော့ထောက်ခံတယ်၊ သဘောကျတယ်။ အဲဒီထဲမှာ မြန်မာပြည်ထောင်လည်း ပါဝင်သင့်တာပေါ့။ အခုဝေါဟာရနဲ့ဆို မြန်မာပြည်နယ်ပေါ့၊ ပါဝင်သင့်တာပေါ့။ အဲဒီတော့ ကိုယ်က အဲလိုမပါဘဲနဲ့ ဒီလိုဖျောက်နေတဲ့သဘောက ဘာလဲဆိုတော့ မဟာလူမျိုးကြီးဝါဒကို မသိမသာ ဟုတ်လား၊ နောက်ကွယ်က ကျင့်သုံးနေတဲ့သဘောဆောင်တယ်။ အမြဲတမ်းဟုတ်လား Majority ရနေတယ်၊ အမြဲတမ်း လူများစုဖြစ်နေတယ်။ အဲဒီတော့ ကျန်တဲ့ တိုင်းရင်းသားပြည်နယ်တွေက Permanent Minority ဖြစ်နေတယ်။ ထာဝရ လူနည်းစုဖြစ်နေတယ်။ ဒီလိုပုံစံမျိုးနဲ့ ချဉ်းကပ်နေတဲ့အတွက်ကြောင့်သာလျှင် မြန်မာပြည်ထောင်၊ မြန်မာပြည်နယ်ဆိုတဲ့ လှုပ်ရှားမှု ပေါ်မလာဘဲနဲ့ မဟာလူမျိုးကြီးဝါဒအောက်မှာ နစ်မြုပ်နေခြင်းဖြစ်တယ်။ ဒီလိုသွားနေသမျှကာလပတ်လုံး ဘယ်တော့မှ စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ပါဘူး။” ခုနတော့ ရှင်းတဲ့ထဲမှာ ပါပါတယ်။ ပိုမိုရှင်းလင်းအောင်လို့ပါ။ ၂၁ရာစု ညီလာခံမှာ ကိုယ်စားပြုမှုနဲ့သက်ဆိုင်တဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာအခက်အခဲတွေ အရှုပ်အထွေးတွေက နောက်ပိုင်းကျရင် ဘာတွေဖြစ်လာနိုင်မလဲ။ အခုညီလာခံတက်တဲ့လက်နက်ကိုင်အဖွဲ့တွေကရော ပြည်နယ်တွေကို တကယ်ကိုယ်စားပြုကြပြီလား။ “အဲဒါကြောင့်ပြောတာပေါ့။ အခုလက်ရှိတက်နေတဲ့ အဖွဲ့တွေဟာ ပြည်နယ်ကို တကယ်ကိုယ်စားပြုကြလားဆိုတာ အတိုင်းအတာတခုအရ ကိုယ်စားပြုတဲ့ အဖွဲ့လည်းရှိနိုင်တယ်။ ကိုယ်စားမပြုတဲ့အဖွဲ့တွေလည်းရှိနိုင်တယ်။ သို့သော် သေချာတာကတော့ ကိုယ်စားပြုမှုကို စစ်မှန်စွာ ရွေးချယ်ခွင့်ပေးဖို့လိုတယ်။ တကယ့်ဒီမိုကရေစီ ဒီနေ့သွားနေလား။ အန်အယ်လ်ဒီအစိုးရ ပေးကြည့်လိုက်စမ်းပါ။ သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်တွေမှာ လက်နက်ကိုင်အင်အားစုတွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခြင်း၊ မထိုးခြင်းကို သဘောမထားနဲ့။ အခု ဒီအဖွဲ့တွေကို မတရားသင်းဥပဒေအရ အရေးယူတာမလုပ်နဲ့။ လွတ်လွပ်လပ်လပ် တွေ့ဆုံဆွေးနွေးပွဲတွေ ပေးလုပ်ကြည့်လိုက်စမ်းပါ။ အကုန်လုံး၊ အန်စီအေ လက်မှတ်ထိုးတဲ့အဖွဲ့ရော၊ မထိုးတဲ့အဖွဲ့ရော တန်းတူညီမျှအခွင့်အရေးပေးပြီးတော့ သက်ဆိုင်ရာပြည်နယ်တွေက သူ့လူထုနဲ့တွေ့ပြီးတော့ ကိုယ်စားလှယ်ရွေးချယ်ခွင့်ပေးလိုက်စမ်းပါ။ သူ့ဖာသာသူ ရွေးချယ်သွားပါလိမ့်မယ် ကိုယ်စားပြုမှုပြဿနာ ရှင်းလို့ရပါတယ်။ ဒါက ရှင်းလို့မရတဲ့ပြဿနာ မဟုတ်ဘူး။ ပြဿနာက ဒီ ဒီမိုကရေစီအခွင့်အရေးကို မပေးတာပဲ။ ဒါကြောင့် ဒီနေ့ဒီမိုကရေစီဆိုတာ ဟန်ဆောင်ဒီမိုကရေစီပဲ၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ အဝေးကြီးလိုပါသေးတယ်။” ဒီ ၂၁ ရာစုပ င်လုံညီလာခံက ထွက်ပေါ်လာတဲ့ရလဒ်တွေကို တရားဝင်အဆင့်ဖြစ်အောင် လွှတ်တော်က အတည်ပြုသင့်မလား။ ဒါမှမဟုတ် လူထုဆန္ဒခံယူပွဲလုပ်ဖို့က သင့်တော်မလား။ ဘယ်လို တရားဝင် National Accord တရားဝင်အောင် ဘယ်လိုလုပ်ကြသင့်လဲ။ “အကောင်းဆုံးကတော့ ပြည်ထောင်စုဖွဲ့စည်းရာမှာ ဆရာခုနပြောသလို Bottom Up က သွားဖို့လိုအပ်သလို ခုနပြောတဲ့ ကိုယ်စားပြုမှု၊ စစ်မှန်တဲ့ကိုယ်စားပြုမှုကို တကယ်ရှိပြီဆိုရင် အဲဒီညီလာခံက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံဆိုင်ရာအခြေခံမူတွေအပေါ်မှာ ၂ ပိုင်းလုပ်ရမှာပေါ့။ Double Legitimacy လို့ခေါ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံက စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအဖြစ်နဲ့ ဒီကနေ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင် တကယ့်အများစုကြီးရဲ့ ၁၉၆၁ ခုနှစ်ကတည်းက စပြီးလက်ခံလာတာ။ ဆွစ်ဇာလန်နိုင်ငံမှာ Double Democracy ဆိုတာကို သုံးတယ်၊ ၂ ဆင့်ဖြစ်တယ်။ ၁ က ဘာလဲဆိုတော့ တပြည်လုံးမှာရှိတဲ့ လူဦးရေအများစုကြီးရဲ့ဆန္ဒမဲရရမယ်။ ဒါပေမယ့် အဲဒီဆန္ဒမဲလောက်နဲ့ မပြီးဘူး။ နောက်တခုက ပြည်ထောင်စုဖွဲ့စည်းရာမှာ ပါဝင်တဲ့ ပြည်နယ်တွေရဲ့ အများစုကြီးရဲ့ သဘောတူညီချက်ရရမယ်။ ဆိုတော့ ဒီလိုမျိုးနဲ့သာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တခုကို ပေါ်လာတဲ့လမ်းကြောင်းကို သွားသင့်ပါတယ်။” ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုအမှန်တကယ် ဖြစ်ထွန်းလိုစိတ်ရှိရင်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာပေါ့နော်၊ တပ်မတော်အပါအ၀င် လက်နက်ကိုင်အဖွဲ့ပေါင်းစုံက ဒီညီလာခံစုံညီဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီတွေရောပေါ့။ ဘယ်လိုစိတ်ထားတွေနဲ့ ဖြတ်သန်းဖို့လိုမလဲ။ “ဒါလည်း အင်မတန်ကောင်းတဲ့မေးခွန်းပါပဲ။ နိုင်ငံရေးအရ ရိုးသားမှုရှိဖို့လိုတာပေါ့ဗျာ။ ကျနော်အဲလိုပဲမြင်ချင်တယ်။ နိုင်ငံရေးအရ ရိုးသားမှုရှိတယ်ဆိုတာ ဒီနေရာမှာတော့ဖြင့်ရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးရိုးသားမှုကို အသိအမှတ်ပြုဖို့လိုတယ်။ ယနေ့အချိန်မှာ သူ့သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မေ့နေတဲ့ ရိုးသားမှုပေါ့ဗျာ။ အဲဒါက ဘာလဲဆိုတော့ ပြည်ထောင်စုကနေခွဲထွက်ခွင့်ကို ဗိုလ်ချုပ်အောင်ဆန်းက အသိအမှတ်ပြုသွားတာ။ အဲဒါကဘာလဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စုရဲ့အခြေခံပဲ။ ဖက်ဒရယ်ပြည်ထောင်စုလို့ ပြောတဲ့အခါမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရတယ်။ အဲဒီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဘာလည်း ကနေ့ အန်စီအေ (တပြည်လုံးအပစ်ရပ်စာချုပ်) မှာ အဓိပ္ပာယ်ဖွင့်မထားဘူး။ ဘယ်သူမှအဓိပ္ပာယ်မဖွင့်ဘူး။ မြန်မာစစ်တပ်ကဝေးရော၊ စကားလုံးကို ခပ်ပေါပေါ ပေးချလိုက်တယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ခေါ်တဲ့ Self Determination က နိုင်ငံတကာဥပဒေအရ၊ နော်၊ နိုင်ငံတကာဥပဒေအရ ခွဲထွက်ခွင့်ရှိတယ်လို့လည်း ပြဋ္ဌာန်းမထားဘူး၊ ခွဲထွက်ခွင့်မရှိဘူးလို့ ပိတ်ပင်မထားဘူး။ အဲဒီတော့ ဒီလောက်ကလေးကိုတော့ဖြင့် အနိမ့်ဆုံး အသိအမှတ်ပြုဖို့လိုတယ်။ အဲဒီတော့ ဒီလိုအသိအမှတ်ပြုတဲ့အခြေခံတွေပေါ်ကနေပြီးတော့မှ နိုင်ငံရေးအရ ရိုးသားစွာနဲ့၊ ဆိုလိုတာကတော့ ပြည်ထောင်စုဖွဲ့စည်းရာမှာ ဆက်လက်ပါဝင်နိုင်မယ့် ယူနစ်တွေ၊ ပြည်ထောင်တွေ၊ ပြည်နယ်တွေရဲ့ နိုင်ငံရေးအခွင့်အရေးကို ရာနှုန်းပြည့်အသိအမှတ်ပြုတဲ့အခြေခံပေါ်ကနေ။ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းသွားလို့ကတော့ ပြည်ထောင်စုမဖြစ်နိုင်ဘူးဆိုတာ အားလုံးသိနေကြတယ်၊ ရိုးရိုးဝန်ခံပြီးတော့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ပေါ်လာရေးကို ဘယ်လိုလုပ်သွားကြမလဲဆိုတာ ညှိနှိုင်းတိုင်ပင်ကြမယ်ဆိုရင်တော့ အကျိုးရှိနိုင်မယ်လို့ ဆရာမျှော်လင့်ပါတယ်။” ညီလာခံနဲ့အပြိုင် စီအက်စ်အိုဖိုရမ်တခုကလည်း ထပ်ရှိမယ်ပေါ့။ သူတို့ကိုလည်း ခေါင်းစဉ်မျှပေးတာ၊ တာဝန်ပေးထားတယ်ဆိုတော့။ ဒီကိုယ်စားပြုမှုတွေနဲ့ပတ်သက်လို့၊ ဖိုရမ်တခုလုံးနဲ့ပတ်သက်လို့ ဘာတွေ ထောက်ပြစရာရှိမလဲ။ “တကယ်တော့ စီအက်စ်အိုဖိုရမ်တွေလုပ်တယ်ဆိုတဲ့ဟာကတော့ ဒါ လုပ်တဲ့လုပ်ထုံးလုပ်နည်းရှိပါတယ်။ ဒါပေမယ့် အခုလိုအရေးကြီးတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကိစ္စမှာတော့ဖြင့်ရင် စီအက်စ်အို ဖိုရမ်က အဲဒီညီလာခံကိုသွားလွှမ်းမိုးတာတော့ မဖြစ်သင့်ဘူး။ ဘာကြောင့်လည်းဆိုတော့ တကယ့် စီအက်စ်အိုအများစုကြီးက၊ အများစုက မြန်မာစစ်တပ်ခေါင်းဆောင်များနဲ့ ပုလင်းတူဗူးဆို့လုပ်ပြီးတော့မှ စီအက်စ်အိုပုံစံမျိုးနဲ့ လည်ပတ်နေတဲ့အဖွဲ့တွေက အများစုဖြစ်နေတယ်လို့ ဆရားနာလည်တယ်။ ဒါကြောင့် ဒီဖိုရမ်ကအသံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလိုင်းအတိုင်းသွားဖို့က များတယ်။ အဲဒီတော့ တကယ်ပေးသင့်တာက စီအက်စ်အိုဖိုရမ်က တခုတည်းမဟုတ်ဘဲနဲ့၊ ကဲ စီအက်စ်အိုသာမကဘဲနဲ့ သက်ဆိုင်ရာပြည်နယ်အလိုက် စီအက်စ်အိုတွေပါအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရော ဘာသာရေးခေါင်းဆောင်တွေရော၊ တခြားလူထုအသင်းအဖွဲ့တွေရော အကုန်လုံးပါဝင်တက်ရောက်ခွင့်ရခဲ့တဲ့ ညီလာခံမျိုးကို ပြည်နယ်တွေအသီးသီးမှာ ကျင်းပခွင့်ပေးလိုက်ပါ။ အဲဒီကနေထွက်ပေါ်လာတဲ့အသံမျိုးသာလျှင် တကယ်လူထုအသံဖြစ်နိုင်တယ်လို့ ဆရာတော့ယူဆတယ်။” ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုပေါ်ပေါက်စေဖို့ ဒီညီလာခံမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍ ဘယ်နေရာမှာ ရှိနေလဲခင်ဗျ။ “ဟာ သိပ်အရေးကြီးတာပေါ့။ ပြည်သူတွေက အရေးကြီးဆုံးပါပဲ။ ဒါပေမယ့် ကံမကောင်းစွာပဲ ပြည်သူတွေဟာ တကယ့်အများစုကြီးက စီးပွားရေးပြဿနာနဲ့ လုံးထွေးနေကြရ၊ ဖိနှိပ်ခံနေကြရ၊ ဘ၀ကိုရပ်တည်ရေးအတွက် ရှင်သန်အောင်ကြိုးစားနေကြရဆိုတော့ အလုပ်တွေက များလွန်းအားကြီးတဲ့အခါကျတော့ အခုလို လေးနက်တဲ့နိုင်ငံရေးပြဿနာတွေမှာ တကယ့်အများစုက စိတ်ဝင်စားမှုမပေးနိုင်ပါဘူး။ သို့သော် ကနေ့အချိန်မှာတော့ဖြင့်ရင် တကယ့်တိုးတက်ဖွံ့ဖြိုးငြိမ်းချမ်းတဲ့၊ တရားမျှတတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ချင်တယ်ဆိုရင်တော့ဖြင့်ရင် ကနေ့အချိန်မှာ လူထုဟာ ဖက်ဒရယ်ရှုထောင့်ကနေ၊ ရိုးရိုးဒီမိုကရေစီလို့အော်တာကြာနေပြီ၊ ဖန်တရာတေနေပြီ၊ အလုပ်မဖြစ်တော့ဘူး။ အဲဒီတော့ ရိုးရိုးဒီမိုကရေစီဆိုတဲ့အောက်မှာ ချဉ်းကပ်တာမဟုတ်တော့ဘဲနဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်စနစ်ဆိုတာဘာလဲဆိုတဲ့အပေါ်မှာ လေ့လာမှုတွေပြန်ပြီးတော့ လုပ်ကြပြီးတော့ လူထုရဲ့ ပါဝင်ပတ်သက်မှု အားကောင်းလာမယ်ဆိုရင်တော့ဖြင့် တိုင်းပြည်အပြောင်းအလဲ တကယ်ဖြစ်နိုင်ပါတယ်။ အဲလိုဖြစ်နိုင်ဖို့အတွက်လည်း ကိုအေးနိုင်တို့လို မီဒီယာတွေ အခန်းကဏ္ဍက လုံးဝအရေးကြီးတယ်ဆိုတာ ဆရာ အသိအမှတ်ပြုပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up