ဆမ်အလာဒိုက်စ် အင်္ဂလန်နည်းပြရာထူး သင့်တော်ဟု မော်ရင်ဟိုပြော
နည်းပြ ဆမ်အလာဒိုက်စ်ဟာ အင်္ဂလန် နည်းပြရာထူးအတွက် သင့်တော်တဲ့ လူတယောက် ဖြစ်တယ်လို့ မန်ယူ နည်းပြ မော်ရင်ဟိုက ထောက်ခံ ပြောဆိုလိုက်ပါတယ်။
အင်္ဂလန်အသင်း နည်းပြနေရာအတွက် ဆန်ဒါးလန်းအသင်း နည်းပြ ဆမ် အလာဒိုက်စ်ကို ဒီတပတ်ထဲမှာ ခန့်အပ်သွားမယ်လို့ ဗြိတိသျှမီဒီယာတွေမှာ ခန့်မှန်းထားပါတယ်။
မော်ရင်ဟိုက “သူက ကစားသမားတွေကို လှုံ့ဆော်နိုင်ပါတယ်။ နောက်ပြီး အသင်းလိုက် စိတ်ဓာတ်ကိုလည်း ကောင်းကောင်း တည်ဆောက်ပေးနိုင်တယ်” လို့ ပြောပါတယ်။
ဆမ် အလာဒိုက်စ်ဟာ အင်္ဂလိပ် နည်းပြတွေထဲမှာ ဟယ်ရီ ရက်နက်ပြီးရင် ဒုတိယမြောက် အတွေ့အကြုံ အများဆုံး နည်းပြလည်း ဖြစ်ပါတယ်။ သူဟာ ပွဲပေါင်း ၄၆၇ ပွဲကို ကိုင်တွယ် ထားပါတယ်။
အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆန်ကလည်း အလာဒိုက်စ်ကို အင်္ဂလန်နည်းပြ ရာထူးနဲ့ သင့်တော်ကြောင်း ထောက်ခံထားပါတယ်။