A d v e r t i s e m e n t With Us

ရန်ကုန်ကားဈေးကွက်အတွင်း ၀ယ်သူနည်းပါးပြီး အရောင်းအ၀ယ် အေးနေ

ရန်ကုန် ကားအရောင်းအ၀ယ် ဈေးကွက်မှာ ၀ယ်သူတွေ နည်းနေပြီး အရောင်းအ၀ယ် အေးနေတယ်လို့ ကားအရောင်းအ၀ယ် လုပ်ကိုင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လတွေက ကားပါမစ်တွေ တင်သွင်းခွင့် မပြုတာ၊ ကားပါကင်ပါမစ် မပေးတာတွေကြောင့် ရန်ကုန်ကားအရောင်းအ၀ယ်ဈေးကွက် အေးနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ကားအရောင်းအ၀ယ် အေးနေတာဟာ ၂ လနီးပါး ရှိနေပြီဖြစ်ပြီး အရောင်းအ၀ယ် လုပ်ကိုင်သူတွေအနေနဲ့ ကားဝယ်ယူရာမှာ အမြင့်ဈေးနဲ့ ဝယ်နေရတယ်လို့ သိမ်ဖြူ ကားရောင်းဝယ်ရေးမှ ဦးကျော်ထွန်းနိုင်က ပြောပါတယ်။ “ကားဈေးကွက်အခြေအနေကတော့ လက်ရှိ ၂ လနီးပါးလောက်ရှိပြီ အရောင်းအ၀ယ် မဖြစ်ဘူး။ တနိုင်တပိုင် ၀ယ်ရောင်းတွေက ၀ယ်ရတာ ဈေးတွေတက်တယ်။ ကျနော်တို့ ၀ယ်ရတာကို ၁၀ သိန်းလောက် တက်တယ်။ ပြီးတော့ မူဝါဒက မငြိမ်တော့ အ၀ယ်သမားလည်း မလာဘူး။ လောလောဆယ် တနိုင်တပိုင်တွေကတော့ ကုမ္ပဏီတွေဆီကနေ ၀ယ်ထားကြတယ်။ ၀ယ်နေကျဈေးထက်ကို ၁၀ သိန်း၊ ၁၂ သိန်းလောက် ပိုပေးပြီး ၀ယ်ရတယ်။ အ၀ယ်သမားကတော့ မလာဘူး။ လောလောဆယ်တော့ ကားဝယ်ရောင်းတွေကတော့ အစ်နေတာပေါ့။” လက်ရှိမှာတော့ ရန်ကုန်လိုင်စင်နဲ့ မန္တလေးလိုင်စင်က ၂၅ သိန်း၊ သိန်း ၃၀ လောက် ကွာဟနေပါတယ်။ အခုရက်ပိုင်းအတွင်းမှာ အရောင်းအ၀ယ် အနည်းငယ် အေးနေပေမယ့်လည်း တချို့ကားလေးတွေကတော့ အရောင်းအ၀ယ် ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ဦးအောင်သန်းဝင်းက ပြောပါတယ်။ “ဒီရက်ပိုင်းမှာကတော့ လန်ခရူဆာ၊ အာရ်ဖတ်၊ ရွှေငါး၊ ကလူဂျာတွေ ရောင်းရတယ်။ ၂၀၁၆ ခုနှစ် မတိုင်ခင် ရန်ကုန်မှာ တင်သွင်းထားတဲ့ကားတွေ သောင်စင်သရီး (၂၀၀၃) တို့၊ သောင်စင်ဖိုး (၂၀၀၄) ကားတွေက အပြီး စလစ်တွေ ကပ်ရတော့မှာလေ။ စလစ်တွေ ကပ်ရမယ်ဆိုတော့ ဒါတွေက နောက်ပိုင်းလည်း သွင်းလို့မရတော့ဘူး။ အခုနောက်ပိုင်း ၂၀၁၆ မော်ဒယ်အထက်ပဲ သွင်းရမှာ။ သောင်စင်သရီး၊ သောင်စင်ဖိုး၊ သောင်စင်ဖိုက် (၂၀၀၅) တွေက သွင်းလို့မရတော့ဘူး။ မရတော့ လက်ရှိသွင်းထားတဲ့ ကားတွေပဲ ပြန်ပြီးတော့ များသောအားဖြင့် ၀ယ်စီးသမားကော ၀ယ်ရောင်းကော လိုက်ဝယ်နေကြတဲ့သူတွေ များတယ်။” ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ မော်တော်ယာဉ်လုပ်ငန်းရှင်အသင်းချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က မော်တော်ယာဉ်တင်သွင်းခွင့်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က မော်တော်ယာဉ် ကားပါကင်ပါမစ်တွေကို ပြန်လည်ချပေးမယ်လို့ ပြောဆိုထားတာတွေလည်း ရှိပါတယ်။ လက်ရှိအခြေအနေကတော့ မော်တော်ယာဉ် တင်သွင်းခွင့်တွေနဲ့ ပတ်သက်ပြီး မူဝါတွေက တည်ငြိမ်မှု မရှိသေးပါဘူး။ သတင်း - နွယ်နီ

A d v e r t i s e m e n t With Us

More News
Up