Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နှင့် အစိုးရကိုယ်စားလှယ်များ ချင်းမိုင်တွင် ဆွေးနွေး
နော်နိုရင်း
·
July 22, 2016
အစိုးရကိုယ်စားလှယ်တွေနဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရာမှာ မပါဝင်သေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်း ၃ ဖွဲ့က တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မနေ့က  တွေ့ဆုံပြီး ၂၁ ရာစုပင်လုံညီလာခံမှာ အားလုံးပါဝင်ရေးအတွက် နည်းလမ်းရှာဆွေးနွေးကြပါတယ်။ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ၂ က ဦးခက်ထိန်နန် ဦးဆောင်တဲ့အဖွဲ့နဲ့ ရခိုင်ပြည် အမျိုးသားကောင်စီ (အေအန်စီ)၊ လားဟူဒီမိုကရက်တစ်ယူနီယံ(အယ်လ်ဒီယူ)၊ ဝ အမျိုးသားအဖွဲ့ချူပ် (ဒဗလျူအန်အို) အဖွဲ့က ခေါင်းဆောင်တွေ ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်ရေးမူကို အဓိက တင်ပြဆွေးနွေးခဲ့တယ်လို့ အေအန်စီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောပါတယ်။ “ကျနော်တို့ အဖွဲ့ ၃ ဖွဲ့ကတော့ ယူအန်အက်ဖ်စီကနေပြီးတော့ အစိတ်အပိုင်းတခုအနေနဲ့ ကဏ္ဍတိုင်းမှာ၊ အဆင့်တိုင်းမှာ အတူတကွ လိုက်ပါမယ်ဆိုတဲ့ မူဝါဒရှိပါတယ်။  ကျနော်တို့ရဲ့ ဆွေးနွေးတင်ပြချက်ကို အစိုးရဘက်က မူဝါဒဆိုင်ရာကိစ္စဖြစ်တဲ့အတွက်  အဆုံးအဖြတ်မပေးဘဲ ခေါင်းဆောင်တွေကို ပြန်လည်တင်ပြကြမှာဖြစ်ပါတယ်။” ဒီသုံးဖွဲ့ကို အရင်အစိုးရလက်ထက်က  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးစရာမလိုဘဲ နိုင်ငံရေးဆွေးနွေးပွဲမှာ တက်ရောက်ဖို့ ခွင်ပြုခဲ့ပါတယ်။ တအာင်းပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး (ပီအက်စ်အယ်လ်အက်ဖ်)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (အေယူအယ်လ်) ဖြစ်တဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့တွေကိုတော့ လက်နက်စွန့်ခိုင်းခဲ့ပြီး လွန်ခဲ့တဲ့ တမြန်နေ့ကလည်း တပ်မတော်က လက်နက်စွန့်ဖို့ ထပ်ပြောခဲ့ပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ     (ယူအန်အက်ဖ်စီ) အနေနဲ့ အဖွဲ့ဝင်အားလုံး ပါဝင်ခွင့်မရခဲ့ရှိတဲ့အတွက် အန်စီအေ လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ပြီး အခုအစိုးရသစ်မှာ အားလုံးပါဝင်နိုင်ဖို့ တင်ပြခဲ့တယ်လို့ ဦးထွန်းဇော်က ဆက် ပြောပါ တယ်။ ဆွေးနွေးပွဲကို ရခိုင်ပြည်အမျိုးသားကောင်စီ ဥက္ကဌ ဒေါက်တာ ခင်မောင်၊ အထွေထွေအတွင်း ရေးမှူး ဦးထွန်းဇော်၊ လားဟူဒီမိုကရက်တစ်ယူနီခန်ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဆော်လမွန်နဲ့ ဝ အမျိုးသားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး တာ့ညီလူ ဦးဆောင်တဲ့အဖွဲ့တို့ တက်ရောက်ခဲ့ပြီး အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) က အဖွဲ့ဝင် ဦးခက်ထိန်နန် အပါအဝင် ဒေါ်ဒွဲဘူ၊ ဦးမိုးဇော်ဦးနဲ့ ဦးကျော်လင်းဦးတို့ တက်ရောက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024