သိမ်းဆည်းခံ လယ်ယာပြန်ရရေး လှိုင်းဘွဲတောင်သူများ တောင်းဆို

613
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်ထဲက လယ်ယာမြေတွေ သိမ်းဆည်းခံရတဲ့ဒေသခံ တောင်သူတွေက လယ်ယာတွေ ပြန်ရရေး ကူညီဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
လှိုင်းဘွဲမြို့နယ် ထီလုံ၊ ထီးဖိုးကလုံး၊ သာမန်ရွာစတဲ့ ကျေးရွာက လယ်မြေသိမ်းခံရသူ ၅၀ လောက်က ဒီကနေ့ လှိုင်းဘွဲမြို့နယ် သမ္ဘာန်ကမ်းနားရွာ ဘုန်းကြီးကျောင်းမှာ လယ်မြေသိမ်းဆည်းခံရပြီးနောက် ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်တောင်းဆိုလိုက်တာပါ။
အဆိုပါကျေးရွာတွေမှာ ရွာသားတွေပိုင်တဲ့ လယ်ယာမြေတွေကို စစ်တပ်၊ အစိုးရ၊ ကုမ္မဏီတွေနဲ့ ငြိမ်းချမ်းအဖွဲ့တွေက ၂၀၀၅ ခုလောက်နေ ၂၀၀၉ ခုနှစ်ကာလအတွင်း သိမ်းဆည်းသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ထီလုံရွာမှာ ဒေါ်စာဒိုကြာက သူအပါအ၀င် သူ့ မိသားစုဝင်တွေရဲ့ လယ်မြေဧက ၅၀ ကျော်ကို စစ်မှုထမ်းဟောင်းက ၂၀၀၇ ခုနှစ်က သိမ်းယူခဲ့ပြီး မိသားစုကိုပါမောင်းထုတ်ခဲ့လို့ နေစရာမရှိဖြစ်ခဲ့ရ တယ်လို့ ပြောပါတယ်။
“အရင်က အဲဒီမြေမှာ ညီမတို့ လယ်လုပ်တယ်။ ခြံလုပ်တယ်။ အခုက စစ်မှုထမ်းဟောင်းက ဦးလှဝင်း သိမ်းပြီးတော့ တိုက်အိမ်တွေ သွပ်အိမ်တွေဆောက်တယ်။ သူများကို အကွက်ဖော်ပြီးတော့ ရောင်းပေးတယ်။ သိမ်းတုန်းက သမီးတို့ကိုပြောတယ်။ ဒီမြေကို စစ်မှုထမ်းဟောင်းက သိမ်းပြီဆိုတော့ နေလို့မရတော့ဘူး။ အပြင်မှာသွားနေတဲ့။ အပြင်မှာဆို သမီးတို့နေစရာမရှိ ဘူး။ တောင်းပန်ပေမယ့်မရဘူး။ ရွှေ့ပေးတဲ့။ နင်တို့ အိမ်ကိုမဖျက်ရင်သူတို့ ဖျက်မယ်ဆိုပြီး သူတို့က ၀ိုင်းလာတာ။ အဲဒါနဲ့ သမီးတို့က ကြောက်ပြီးတော့ ဖျက်ပြီးတော့ သူများနားမှာ ခနသွားနေတာ အခုထိ နေဖို့ နေရာမရှိဘူး။ အဒေါ်တို့ ခြံကို နည်းနည်းတောင်းပြီးတော့ နေနေရတယ်။”
အလားတူ ရေဘုတ်ဆည်အနီးတ၀ိုက်မှာလည်း ၂၀၀၅ ခုနှစ်က လယ်မြေ ဧက ၁၅၀၀ လောက် သိမ်းဆည်းခံခဲ့ရပြီး ဒေသခံတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ကျမတို့ ရေဘုတ်ဆည်က ၁၇ ဦးရှိတယ်။ လယ်သိမ်းခံရတာ။ ဒီ ၁၇ ယောက်မှာ ဧက ၁၅၀၀ လောက်ရှိမယ်။ အကုန်လုံးရေထဲမှာမြုပ်နေတယ်။ ကျမတို့က လယ်သမားတွေပဲ လယ်တမျိုးပဲလုပ်စားတယ်။ တခြားအလုပ်လုပ်မစားတတ်ဘူး။ လယ်လုပ်တယ်။ ခြံလုပ်တယ်။ ကျမတဦးတည်းရဲ့ လယ်မြေရော ခြံမြေပါ ၃၇ ဧက ရှိတယ်။ ပိုတဲ့မြေတွေကိုလည်း သူတို့ ပြန်မပေးဘူး။ သူတို့ ကြိုက်လူတွေကိုပေးပြီး ရော်ဘာတွေဘာတွေ စိုက်ထားလိုက်တယ်။”
သာမန်ရွာက ဒေါ်ဌေးဌေးမြင့်ကတော့ ၂၀၀၉ ခုနှစ်လောက်မှာ ပီလောပီနံစိုက်မယ်ဆိုပြီး သူ့လယ်မြေ ၈ ဧက ခွဲ အစိုးရရဲ့ သိမ်းဆည်းခြင်းခံခဲ့ရပါတယ်။
နောက်ပိုင်းမှာ ပီလောပီနံ မစိုက်ဖြစ်တဲ့ အတွက် အစိုးရက အဲဒီလယ်ကို ပြန်လည်စွန့်လွှတ်ခဲ့ပေမယ့် မူလပိုင်ရှင်တွေကတော့ လယ်တွေ ပြန်မရဘူးလို့ ဒေါ်ဌေးဌေးက ပြောပါတယ်။
“အစိုးရကတော့ မလုပ်ဖြစ်ဘူးဆိုပြီး လယ်သမားတွေကို ပြန်ပေးဖို့ဆိုပြီး ပြန်စွန့်လွှတ်ပေးလိုက်တယ်။ ဒါပေမယ့် လယ်သမားတွေဆီမရောက်ဘဲနဲ့ အုပ်ချုပ်ရေးမှူးတွေပဲ ယူထားလိုက်တယ်။ အခုကျမတို့ကလည်း ကျမတို့ ပိုင်ဆိုင်ထားတဲ့ လယ်ယာတွေကိုတော့ ပြန်ရချင်တာပေါ့။ ကျမတို့ အရင်အစိုးရလက်ထက်၊ အခုလက် ၀န်ကြီးချုပ်ဆီကိုလည်း ကျမတို့ လျှောက်တယ်။ ဒါပေမယ့် အခုချိန်ထိ ဘာမှ မထူးလာသေးဘူးပေါ့။ ”
အဆိုပါကျေးရွာမှာ သူ့အပြင် တခြားတောင်သူ ၄ ဦးရဲ့လယ်ယာမြေ စုစုပေါင်း ဧက ၁၀၀ လောက်လည်း သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်က ဒေသခံလယ်သမားတွေဟာ အရင် စစ်အစိုးရလက်ထက်က အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေတွေ သိမ့်ဆည်းခံထားရပြီး ပြန်လည်ရရှိဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အစိုးရတာဝန်ရှိသူတွေက ခုအချိန်ထိ ဖြေရှင်းပေးတာတွေ မရှိသေးဘူးလို့ လည်း ဒေသခံတွေက ပြောပါတယ်။