မြောက်ကိုရီးယားခေါင်းဆောင် ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု ကြီးကြပ်နေသည့်ဓာတ်ပုံ ဖြန့်ချိ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်တာကို ကြီးကြပ်နေတဲ့ ဓာတ်ပုံတွေ မြောက်ကိုရီးယားအစိုးရမီဒီယာ (ကေအာတီ) က ဇူလိုင် ၂၀ ရက်မှာ ဖြန့်ချိပါတယ်။ ကေအာတီသတင်းဌာနက ဇူလိုင် ၁၉ ရက် ပစ်ခတ်လေ့ကျင့်မှုကို ရည်ညွှန်းရင်း တောင်ကိုရီးယား ဆိပ်ကမ်းတွေနဲ့ လေတပ်စခန်းတွေကို ပစ်ခတ်ဖို့ ပုံစံထုတ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို အစိုးရက စမ်းသပ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် တကယ်လေ့ကျင့်ခဲ့တဲ့ ရက်စွဲကိုတော့ မကြေညာခဲ့ပါဘူး။ ဒါ့အပြင် ကင်ဂျုံအန်းရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ ရက်စွဲရော နေရာကိုပါ မကြေညာခဲ့ပါဘူး။ မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းရိုးတန်းရဲ့ ကမ်းလွန်ပင်လယ်ထဲကို မိုင် ၃၀၀ ကနေ ၃၆၀ ကြား ပျံသန်းတဲ့ ပဲ့ထိန်းဒုံးကျည် ၃ စင်း ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယားထိပ်ဖူးကို တီထွင်နေတယ်လို့ ယုံကြည်ရပြီး နျူထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်ကို ပုံစံတူလုပ်ဖို့ ကြိုးစားနေပါတယ်။ ပညာရှင်တွေကတော့ ဒီနည်းပညာကို ကျွမ်းကျင်ဖို့ မြောက်ကိုရီးယားဟာ နှစ်နည်းနည်း လိုနေသေးတယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားမှာ ဒုံးကျည် ကြားဖြတ်ပစ်ချတဲ့ ကာကွယ်ရေးစနစ် (THAAD) စနစ်ချဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတို့ နေရာရွေးချယ်ပြီး သီတင်းပတ် တပတ်အကြာမှာ ခုလို ပစ်ခတ်တာဖြစ်လို့ ဟန်ပြလုပ်တာ ဖြစ်နိုင်တယ်လို့ အနောက်မီဒီယာတွေက သုံးသပ် အစီရင်ခံကြပါတယ်။ မြောက်ကိုရီးယားကတော့ လက်တွေ့ တုံ့ပြန်တာလို့ ခြိမ်းခြောက် ပြောဆိုပါတယ်။ မြောက်ကိုရီးယားဟာ လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို ဇန်နဝါရီလက လေ့ကျင့်ခဲ့ပါတယ်။ ဖေဖော်ဝါရီလက ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒဏ်ခတ်မှုအသစ် ချမှတ်ခဲ့ပါတယ်။ ဓာတ်ပုံ - ရိုက်တာ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up