တရုတ်ဆေးဝါးတု ကျန်းမာရေးဌာန အသိပေးကြေညာ
မြန်မာဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေတဲ့ တရုတ်နိုင်ငံထုတ် Griseofulvin Tablets 125 mg ဆေးပြားတွေဟာ ဆေးဝါးအတုတွေဖြစ်တယ်ဆိုတာ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။
ဝန်ကြီးဌာန အနေနဲ့ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ်ကင်းရှင်း အကျိုးအာနိသင်ရှိတဲ့ ဆေးဝါးတွေကို အများပြည်သူတွေ သုံးစွဲနိုင်ဖို့ ဈေးကွက်အတွင်းရှိ ဆေးဝါးတွေကို ပုံမှန် စစ်ဆေးဆောင်ရွက်ရာမှာ တရုတ်နိုင်ငံ စီချွမ် အခြေစိုက် Chengdu Emei Pharmaceutica ကုမ္ပဏီကထုတ်တဲ့ Griseofulvin ဆေးပြားတွေဟာ အတုတွေဖြစ်ကြောင်း တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဆေးဝါးအတုတွေဟာ စရိတ်များစွာ ကုန်ကျတဲ့အပြင် ရောဂါဝေဒနာရှင်တွေကို ရောဂါပျောက်ကင်းတာ လုံးဝမရှိဘဲ ပိုမိုဆိုးရွားစေမယ်လို့ ၀န်ကြီးဌာနရဲ့ အသိပေးနှိုးဆော်ချက်မှာ ဖော်ပြထားပါတယ်။
မှတ်ပုံတင်မထားတဲ့ ဆေးဝါးအတုတွေနဲ့ စံမညီတဲ့ဆေးဝါးတွေ တင်သွင်းဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီတွေကို ဆေးဝါးဥပဒေအရ တရားစွဲအရေးယူသွားမယ်လို့လည်း အသိပေးကြေညာထားပါတယ်။