Home
မြန်မာသတင်း
စစ်တပ်၏ မတော်မတရားလုပ်ဆောင်ခံရသူများ တရားမျှတမှုရရှိရန် အေအိုင်တောင်းဆို
DVB
·
July 22, 2016
စစ်တပ်ရဲ့ မတော်မတရားလုပ်ဆောင်ခံရသူများ တရားမျှတမှု ရရှိရေးအတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (အေအိုင်)က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့လက ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ်မှာ စစ်တပ်က စုံစမ်းစစ်ဆေးမှုကြောင့် သေဆုံးသွားတဲ့ ရွာသား ၅ ဦးနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က ပြောဆိုချက်ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (အေအိုင်)က ဇူလိုင် ၂၀ ရက်က ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ ရွာသား ၅ ဦးသေဆုံးခဲ့ရမှုဟာ တပ်မတော်က စစ်ဆေးရင်း လက်လွန်သေဆုံးခဲ့ရပြီး စစ်ခုံရုံးနဲ့စစ်ဆေးဆုံးဖြတ်ပြီး လူသိရှင်ကြား ထုတ်ပြန်မယ်လို့ စစ်ဘက်ဆိုင်ရာ အကြီးအကဲ တဦးက ဇူလိုင် ၂၀ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တာဝန်ရှိသူတွေက ဒီကိစ္စကို စစ်ဆေးတာဟာ အပြုသဘောဆောင်ပြီး လက်တွေ့မှာတော့ ခံစားရတဲ့သူတွေနဲ့ မိသားစုတွေက အမှန်တရား၊ တရားမျှတမှုတွေနဲ့ ကင်းကွာနေသလို စစ်တပ်ရဲ့ မတော်မတရားမှုတွေကို ပြောဆိုရင်လည်း ရန်ပြုခံရတယ်လို့ အေအိုင်ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ် ညွန်ကြားရေးမှူး ရာဖန်ဒီဂျာမင် ပြောဆိုချက်ကို ကိုးကားပြီး ထုတ်ပြန်ချက်က ရေးပါတယ်။ ဒီလိုဖြစ်ရပ်တွေကို ရပ်တန့်သင့်ပြီး တရားဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာ သေချာအောင် အစိုးရသစ်က လုပ်ဆောင်ရမယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တရားရေးမဏ္ဍိုင်ကို  ပြန်လည်ပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ အရေးပါတဲ့ သတိပေးချက်တခုဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က မြို့အ၀င် ယာခင်းမှာ မိုင်းယော်ရွာသားတွေ ပြောင်းပင်တွေ ပေါင်းသင်နေစဉ် အစိုးရစစ်ကြောင်းတကြောင်းရောက်ရှိလာပြီး ရွာသားတွေကို လက်နက်ကိုင်  တပ်ဖွဲ့အကြောင်း မေးမြန်းသလို လမ်းမပေါ်ဖြတ်သန်းသွားလာနေတဲ့ ကားနဲ့ ဆိုင်ကယ်တွေကိုလည်း တားဆီးစစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် အီနိုင်းရွာသား  ၂ ဦးက ဆိုင်ကယ်ရပ်မပေးတဲ့ အတွက် အပစ်ခံရပြီး သေဆုံးသွားပါတယ်။ ယာခင်းထဲက ခေါ်ယူစစ်ဆေးခံရတဲ့ ရွာသားတွေ အနက် ၅ ဦးကို စစ်တပ်က ဖမ်းခေါ်သွားပြီး ၄ ရက်ခန့်အကြာ ပြောင်းဖူးခင်းထဲ မြှုပ်နှံထားတဲ့ အလောင်းတွေအဖြစ် ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024