ကြက်မတကောင်ကို တွယ်တာပြီး သ၀န်တိုနေတဲ့ ဆက်ရက်ကလေး (ရုပ်သံ)

ထိုင်းလူမှုကွန်ရက်မှာ ကြက်မတကောင်ရဲ့အနား အမြဲနေပြီး ၀န်တိုစွာ အကာအကွယ်ပေးနေတဲ့ ဆက်ရက်လေးတကောင်အကြောင်း ရေပန်းစားနေပါတယ်။
ထိုင်းဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်တဦးက အရင်ဘ၀က ချစ်သူတွေများလားဆိုတဲ့ စတေးတပ်ခေါင်းစဉ်နဲ့ ဆက်ရက်တကောင်က ကြက်မတကောင်ကို လိုက်လံ သ၀န်တိုနေတဲ့ ဗွီဒီယိုဖိုင် တင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဆက်ရက်လေးဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါဝ်းမြို့နယ်ရှိ ချုတ်ချယန်းနွန်း မွေးမြူရေးခြံတခုတည်းမှာရှိကာ လွန်ခဲ့တဲ့ ၂ နှစ်က အဲဒီခြံကို ရောက်လာတာလို့ ကြက်ခြံပိုင်ရှင် နိုင်းချယားနွန်းက ဒေးလီးနယူးစ် သတင်းထောက်ကို ပြောပါတယ်။
အဲဒီဆက်ရက်ကို ခြံပိုင်ရှင်က ခွန်ထောင်းန်လို့ အမည်ပေးထားပြီး သူဟာ ကြက်ခြံရောက်ကတည်းက ကြက်မတကောင်အနားမှာပဲ အမြဲနေလေ့ရှိကြောင်း၊ အိပ်တန်းတက်ရင်လည်း အဲဒီကြက်မနားပဲ အမြဲနေပြီး တခြားကြက်ဖတွေက ကြက်မနား လာကပ်ရင်လည်း နှုတ်သီးနဲ့ ဆိတ်လွှတ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခွန်ထောင်းန်ဟာ ဆ၀ဒီခပ် (မင်္ဂလာပါ)၊ ခွပ်ခွန်းခပ် (ကျေးဇူးတင်ပါတယ်)၊ ခေါ်ကိန်ခေါက် (ထမင်းစားမယ်)၊ ခေါ်ထွတ်ခပ် (ဆောရီးပါ) ဆိုတဲ့ လူစကားကိုလည်း ပြောတတ်တယ်လို့ ဆိုပါတယ်။
တနေ့ သူက ဆက်ရက်မလေးတွေနောက် လိုက်သွားပြီး ဆ၀ဒီခပ်ဆိုတဲ့ လူစကားနဲ့ ပြောလိုက်ရာမှာ ဆက်ရက်မတွေ လန့်ပြေးကုန်ပြီး အဲဒီကတည်းက ဘယ်ဆက်ရက်မမှ သူနဲ့အတူ လာကစားတာ မတွေ့ရဘူးလို့ ပိုင်ရှင်က ပြောပါတယ်။
၃ မိနစ်နီးပါးကြာတဲ့ ဗွီဒီယိုဖိုင်မှာတော့ ကြက်မလေးကို လူတွေက ပွေ့ချီခေါ်ယူသွားတဲ့အခါ ခွန်ထောင်းန်က အနောက်ကလိုက်ပြီး သ၀န်တိုနေတဲ့ပုံကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။