Live
Home
မြန်မာသတင်း
အလုပ်ရှင်ကသံကြိုးဖြင့် ရိုက်နှက်ခဲ့ပုံ မြန်မာအလုပ်သမား ပြန်ပြောပြချက် (ရုပ်သံ)
နန်းမြနဒီ
·
July 22, 2016
ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုံခရိုင် နခွန်းပထုန်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားကို သံကြိုးနဲ့ရိုက်နှက်ခဲ့တဲ့ အလုပ်ရှင်တဦးကို အလုပ်သမားအဖွဲ့အစည်းတခုက ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ နခွန်းပထုန်မြို့ အုန်းယိုင်နယ်မြေ ၀က်လက်ခင်ရပ်ကွက်ရှိ သံပစ္စည်းစက်ရုံတခုမှာ အလုပ်လုပ်နေသူ အသက် ၂၇ နှစ်ရွယ် ကိုအောင်ဇော်မြင့် ဆိုသူမှာ ဇနီးဖြစ်သူနဲ့ စကားများစဉ် အလုပ်ရှင်က နားညည်းတယ်လို့ပြောပြီး သံကြာပွတ်နဲ့ ရိုက်နှက်ခဲ့တာလို့ မဟာချိုင်အခြေစိုက် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ အထွေထွေတာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ် ။ “အလုပ်ရုံထဲမှာပဲနေတာပါ သူတို့က၊ စီစီပီ သံရုံလို့ခေါ်တယ်၊ ညဘက်မှာ လင်မယား ထမင်းစားတဲ့အချိန် စကားများတာကို သူဌေးက ရိုက်တာပါ။ နားငြီးတယ်ဆိုပြီးတော့ ရိုက်တာ၊  သူဌေးက နည်းနည်းအရက်မူးနေတာ၊ သံကြိုးပေါ့၊  ကြာပွတ်ပုံစံမျိုးနဲရိုရိုက်တာ၊ ကျောကုန်းမှာရော၊ လက်ပြင်တွေမှာရော၊ မျက်နှာရောပေါ့၊ ပြီးတော့ သူတို့ လင်မယား ၂   ယောက်လုံးကို မောင်းထုတ်တယ်။” မောင်းထုတ်ခံရတဲ့ လင်မယား ၂ ယောက်လုံးကို  မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့က လောလောဆယ်နေရာထိုင်ခင်းနဲ့ အစားအသောက်အကူညီပေးထားသလို သူတို့ကို နှိပ်စက်ခဲ့တဲ့ အလုပ်ရှင်ကိုလည်း ဇူလိုင်လ ၂၀ ရက်နေ့က သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ရဲစခန်းက အလုပ်ရှင်ကို ဆင့်ခေါ်ခဲ့ပေမယ့် ရောက်လာခြင်းမရှိကြောင်း၊  ဒီကနေ့လည်း အလုပ်ရှင်ကို စောင့်ဆိုင်းနေပြီး လုံးဝရောက်မလာဘူးဆိုရင်တော့ ထိုင်းနိုင်ငံအကြမ်းဖက်မှု တိုက်ဖျက်ရေး ဒီအက်စ်အိုင် ရဲအဖွဲ့ကို ဆက်လက်တိုင်တန်းသွားမှာဖြစ်ကြောင်း၊  ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးကိုလည်း အကြောင်းကြားထားပြီး မြန်မာသံရုံးမှလည်း လိုအပ်တဲ့ စာရွက်စာတမ်း ထောက်ခံစာတွေ ထုတ်ပေးကာ ဒီအမှုအတွက် လိုအပ်တာတွေ လုပ်ဆောင်ပေးဖို့ သူတို့အဖွဲ့ကို ညွန်ကြားထားတယ်လို့ ပြောသွားပါတယ်။ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ဟာ ရွှေ့ပြောင်း အလုပ်သမားချင်း ကိုယ်ထူကိုယ်ထ ပူပေါင်းကူညီနေတဲ့အဖွဲ့ဖြစ်ပြီး လောလောဆယ် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား၊ အခက်အခဲကြုံတွေ့ပြီး နေစရာမရှိတဲ့ အလုပ်သမား၊ ဒုက္ခိတွကို အိမ်ခန်းတခုမှာ ကူညီစောင့်ရှောက်ထားတာမှာ စုစုပေါင်း ၃၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ရုပ်သံ - ရိုက်နှက်ခံရသူ မြန်မာအလုပ်သမားကို မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့က မေးမြန်းချက်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024