Home
မြန်မာသတင်း
စစ်ဆေးရင်းလက်လွန်ပြီး ရွာသား ၅ ဦးသေဆုံးခဲ့ဟု တပ်မတော်ဝန်ခံ
အေးနိုင်
·
July 21, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်တိုက်နယ်မှာ ဟိုးလေးတကြော် ဖြစ်ခဲ့တဲ့ ရွာသား ၅ ဦးသေဆုံးခဲ့ရမှုဟာ တပ်မတော်က စစ်ဆေးရင်း လက်လွန်သေဆုံးခဲ့ရပြီး စစ်ခုံရုံးနဲ့စစ်ဆေးဆုံးဖြတ်ပြီး လူသိရှင်ကြား ထုတ်ပြန်မယ်လို့ စစ်ဘက်ဆိုင်ရာ အကြီးအကဲ တဦးက သတင်းစာရှင်းလင်းပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေရဲ့မေးမြန်းချက်အပေါ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြန်လည်ဖြေကြားခဲ့တာပါ။ သေဆုံးခဲ့တဲ့ရွာသား ၅ ဦးဟာ သောင်းကျန်းသူနဲ့ ဆက်စပ်မှုရှိနိုင်တဲ့ အဖွဲ့တွေဖြစ်နိုင်တယ်ဆိုပြီးတော့ စစ်ဆေးခဲ့တာဖော်ထုတ်တွေ့ရှိတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းလင်းပါတယ်။ အခုအခါ စစ်ခုံရုံးနဲ့ စစ်ဆေးနေပြီ တာဝန်ရှိသူတွေကို ဘယ်လိုအရေးယူမယ်ဆိုတာ လူသိရှင်ကြားထုတ်ပြန်ကြေညာသွားမယ်လို့လည်း ကတိပြုပြောဆိုခဲ့ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက “ခုနတုန်းက သေသွားတဲ့ပုဂ္ဂိုလ်များသည် လက်နက်ကိုင်လား၊ ရွာသားလား ဆိုတာနဲ့၊ ဒီလိုမူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုလေးတွေရှိပါတယ်ဆိုတာ ဖော်ထုတ်နေပါတယ်။ နောက် ငါးယောက်မိတဲ့အထဲမှာလည်း တစ်ယောက်သည် တယ်လီဖုန်းထဲမှာ ဒီလိုသက်သေ အထောက်အထားလေးတွေနဲ့ ပတ်သက်မှုလေးတွေတော့ရှိတယ်။ သို့သော် ကျွန်တော်တို့စစ်ဆေးတဲ့အခါမှာကျတော့ ဘာပဲပြောပြောသူသည် ရွာသားပဲဖြစ်ဖြစ် သောင်းကျန်းသူပဲဖြစ်ဖြစ် ကျွန်တော်တို့က စစ်ဆေးတဲ့အခါ စည်းမျဉ်းစည်းကမ်း နည်းဥပဒေတွေရှိပါတယ်။ နည်းဥပဒေတွေကို လိုက်နာဖို့လိုအပ်ပါတယ်။ နည်းဥပဒေတွေကို မလိုက်နာဘူးဆိုရင် ဒီစည်းကမ်းတွေက သွေဖည်မယ်ဆိုရင် အရေးယူရမှာပဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က စစ်ခုံရုံးနဲ့ လတ်တလော ဖွဲ့စည်းစစ်ဆေးနေတာပဲဖြစ်ပါတယ်။ စစ်ဆေးပြီးတဲ့အခါမှာ ဒီဟာနဲ့ပတ်သက်ပြီး ဘယ်သူတွေ ဘယ်လိုတာဝန်ရှိသလဲဆိုတာကို ဘယ်လိုအရေးယူမလဲဆိုတာကို ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။ သူတို့မိသားစုဝင်တွေကို အကောင်းဆုံးဖြစ်အောင် ကူညီစောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်။ ထောက်ပံ့ပေးသွားမှာလည်းဖြစ်ပါတယ်။” လို့ ဖြေပါတယ်။ “မရှင်းတာက ကျန်တဲ့ငါးယောက်က စစ်ဆေးတဲ့အချိန်မှာဘဲ သေဆုံးသွားတာမျိုး၊ တပ်မတော်ဘက်က စစ်ဆေးနေတဲ့အချိန်မှာ သေဆုံးသွားတယ်လို့သိရပါတယ်။” လို့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက “ဒီအဖြေပဲရှိပါတယ်။” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ ရွာသားငါးဦးသေဆုံးမှုနဲ့ပတ်သက်လို့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်စိုးအပါအ၀င် စုံခုံအဖွဲ့ဝင် ၃ ဦးနဲ့ စစ်ဆေးနေပြီး ဥပဒေ ဖောက်ဖျက်ရင် အရေးယူမယ်လို့ သူကပြောပါတယ်။ ဖြစ်စဉ်ကိုလည်း စစ်ဆေးမှု သေဆုံးသွားတဲ့မိသားစုတွေကို တွေ့ဆုံပြီး လိုအပ်တဲ့အားပေးကူညီထောက်ပံ့မှုတွေလုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီမိုင်းယော်ဒေသမှာ ဇွန်လကုန်ပိုင်းက လူ ၇ ဦးသေဆုံးခဲ့တာပါ။ ကျန် ၂ ဦးနဲ့ပတ်သက်လို့ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက တိုက်ပွဲဖြစ်တဲ့ကြားထဲကို ဆိုင်ကယ်ရောက်ရှိပြီး သေနတ်ထိမှန်သေဆုံးတာလို့ ပြောပါတယ်။ “ပထမနှစ်ယောက်သည် တိုက်ပွဲဖြစ်တဲ့ကြားထဲကို လာတယ်။ ဘယ်ကျည်ဆံနဲ့ထိမှန်းလည်းမသိဘူး။ သို့သော်လဲသွားတယ်။ သွားပြီးရှင်းတဲ့အခါမှာသေနေပြီ။ သေတော့မူးယစ်ဆေးဝါးတွေလည်း တွေ့ထားတဲ့အခါကျတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ဆိုတဲ့ အနေအထားတွေ တွေ့ထားတယ်။ အခုချိန်ထိ ကျွန်တော်တို့အလောင်းကို မြှုပ်ထားတာကို ဖော်ပြီးတော့ စစ်တာပြုတာတို့ရှိနေတာပေါ့။ ဒုတိယတိုင်းမှူးအဆင့်ကို တာဝန်ပေးထားပါတယ်။ သူ့အနေနဲ့ သေချာကို စစ်ဆေးဖော်ထုတ်နေပါတယ်။”လို့ပြောပါတယ်။ ဗိုလ်ချုပ်ကြီးမြထွန်းဦးရဲ့ ရှင်းလင်းချက်ဟာ တပ်မတော်က ကနဦးပိုင်းသတင်း ထုတ်ပြန်ချက်နဲ့ အချက်အလက်ကွဲလွဲပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ထုတ် တပ်မတော်ပိုင်မြ၀တီသတင်းထုတ်ပြန်ချက်မှာ “လားရှိုးမြို့နယ်၊ မိုင်းယော်မြို့အနီး မြှုပ်နှံထားတဲ့  အလောင်း ၇ လောင်းဟာ တီအန်အယ်လ်အေတပ်သားတွေဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်က မိုင်းယော်မြို့အနီးမှာ အလောင်း ၇ လောင်း တူးဖော်တွေ့ရှိခဲ့ပြီး အဲဒီအလောင်းတွေဟာ မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာသားတွေရဲ့ အလောင်းဆိုပြီး လူမှု ကွန်ရက်နဲ့ သတင်းဌာနတွေမှာ ဖော်ပြနေတာနဲ့ ပတ်သက်ပြီး အခုလို သတင်းထုတ်ပြန်တာဖြစ်ကြောင်း၊ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်က တပ်မတော်စစ်ကြောင်းဟာ ပန်ကျိန်လုံ၊ ပန်ကျိန်အွန်၊ ဖာလိုင်လွယ်၊ ဖာလိုင်မန်ကန်နှင့် ဖာမိန့်ကျေးရွာများ အနီးမှာ နယ်မြေရှင်းလင်းရင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) အဖွဲနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းစဉ် တီအန်အယ်လ်အေတပ်ဖွဲ့က အလောင်းနှစ်လောင်း၊ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ တပ်ဘက်က ရရှိခဲ့ကြောင်း၊ တခါ ဇွန် ၂၆ ရက် မနက်ပိုင်းမှာ အဲ့ဒီနယ်မြေအတွင်း တပ်က အသေးစိတ်ရှင်းလင်းတဲ့အခါ ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်း ၅ လောင်းကို တပ်မံတွေ့ရှိကြောင်း၊ တီအန်အယ်လ်အေ အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တပ်မတော်စစ်ကြောင်းဟာ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အလောင်း ခုနစ်လောင်းကို တွေ့ရှိတဲ့ နေရာပေါ်မူတည်ပြီး သုံးနေရာခွဲကာ ကောင်းမွန်စွာ မြှုပ်နှံခဲ့ကြောင်း” ဖော်ပြခဲ့ပါတယ်။ မြ၀တီသတင်းဌာန ဖေ့စ်ဘွတ်ခ်မှာ အဆိုပါသတင်းကို ဒီကနေ့ပြန်ရှာဖွေရာမှာ  မတွေ့တော့ပါဘူး။ ရှမ်းပြည်နယ်ဒုရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက ဒီရွာသား ၇ ဦး သေဆုံးမှုမှာ ပြောင်းဖူးခြံထဲမှာ မြှုပ်နှံမှုကို ဇွန်လ ၂၉ ရက်နေ့က ဖော်ထုတ်ခဲ့တဲ့ အလောင်း ၅ လောင်းကို လူသတ်မှု၊ ဇွန်လ၂၅ ရက်နေ့က လမ်းဘေးမှာ ပစ်ထားခဲ့တဲ့ အလောင်း ၂ လောင်းကို သေမှုသေခင်း အဖြစ်အမှုဖွင့်ထားပြီး လုံခြုံရေးကောင်းတဲ့အခါ ရဲတပ်ဖွဲ့၊ တရားရေးဌာနနဲ့ ဆရာဝန်တွေ ပါဝင်တဲ့အဖွဲ့က အလောင်းပြန်ဖော်ပြီး စစ်ဆေးသွားမယ်လို့ ဒီဗွီဘီကို ဇူလိုင်လ ၁၉ ရက်နေ့ကပြောပါတယ်။ ဒီဖြစ်စဉ်မှာ ဒေသခံရွာသားတွေအတွက် လိုက်ပါကူညီဆောင်ရွက်နေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလှိုင်းခမ်းက သေဆုံးခဲ့သူတွေအတွက် ထိုက်တန်တဲ့နစ်နာကြေးပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ စိုင်းဝမ်းလှိုင်းခမ်းက “သူတို့မိဘတွေကတော့ ကျနော့်ကို ဖုန်းဆက်လာပါတယ်။ ကျနော်တို့ ဘယ်လိုလုပ်ရပါမလဲဗျာ၊ ကျနော်တို့လည်း မိသားစုက အသတ်ခံရတဲ့လူတွေကိုပဲ မှီခိုနေတယ်ဆိုတော့။ အခုကတော့ တပ်ကတော့ ကျနော်တို့ကိုပြောထားပါတယ်တဲ့၊ မှန်မှန်ကန်ကန်နဲ့လုပ်ပေးပ့ါမယ်ဆိုပြီးတော့ သူတို့မိဘတွေ ကျနော့်ကိုပြောပါတယ်။ ဒါကြောင့် သူတို့ကို ကျနော်တို့နားထောင်ကြည့်သဘောတရားအရဆိုရင်တော့ ထိုက်တန်တဲ့လျော်ကြေးတွေကို စောင့်မျှော်နေတာပေါ့။ ဘာကြောင့်လဲဆို တကယ်ကို မရှိဆင်းရဲသားတွေကိုး၊ ဘာမှလည်းမတတ်နိုင်တော့ဘူးလေ၊ သေသွားပြီဆိုတော့။ အဲလိုမျိုးတခုခုများ ပြန်ထောက်ပံ့နိုင်ဖို့ကိုတော့ သူတို့က မျှော်နေတယ်ခင်ဗျ။” လို့ ပြောပါတယ်။ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က အလောင်းတွေကို ပြန်ဖော်ပြီးစစ်ဆေးဖော်ထုတ်မယ်ဆိုပေမယ့် နယ်မြေလုံခြုံရေးကောင်းတဲ့အခါ ဆိုတာကြောင့် ဘယ်အချိန်ဟာ လုံခြုံရေးကောင်းချိန်ဆိုတာ ဘယ်လိုအခြေအနေကိုခေါ်ဆိုတယ်၊ ဘယ်အချိန်မှာ အလောင်းတွေဖော်ထုတ်စစ်ဆေးမယ်ဆိုတာ သဲသဲကွဲကွဲမရှိလှပါဘူး။ အဲဒီဒေသမှာ ရှမ်းနဲ့ ပလောင်၊ ၀လူမျိုးတွေနေထိုင်တဲ့ အဲဒီရွာသားတွေဟာ ဗမာစကားမတတ်မြောက်ကြပဲ ဒီအမှုနဲ့ပတ်သက်လို့ ဘာသာပြန်နဲ့ မေးမြန်းနေရသလို ရုံးပြင်ကနားသွားရမှာကိုလည်း မလုပ်လိုကြဘူးလို့သူက ပြောပါတယ်။ သူက “အခုလို ၀န်ခံတယ်ဆိုရင်တော့ ကျနော်တို့ လက်ခံပါတယ်ပေါ့နော်။ ပြီးရင် အမြန်ဆုံးလည်း ပြီးမြောက်စေချင်တယ်ခင်ဗျ။ အခုလည်းဒေသခံ ပြည်သူတွေကလည်း စိတ်မကောင်းဘူး။ ပြီးခဲ့တဲ့ရက်တုန်းကလည်း လူမှုအဖွဲ့အစည်းတွေရယ်၊ ပြည်သူတွေရယ် လာပြီးတော့ ဆန္ဒထုတ်ဖော်တာလည်းရှိတယ်ပေါ့နော်။ ဒီကိစ္စက တနိုင်ငံလုံး၊ တကမ္ဘာလုံးသိနေတဲ့ကိစ္စ၊ အမြန်ဆုံးနဲ့  အမှန်ကန်ဆုံးဖော်ထုတ်အရေးယူစေချင်တယ်၊ ပြီးရင် နစ်နာတဲ့လူတွေကိုလည်း နစ်နာမှုကို ထိထိရောက်ရောက် ကူညီဖေးမစေချင်တယ်။” လို့ ပြောပါတယ်။ အခင်းဖြစ်ရက်က ဒီဗွီဘီက ကွင်းဆင်းမေးမြန်းချက်တွေအရ မိုင်းယော်ရွာသားတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က မြို့အ၀င် ယာခင်းမှာ ပြောင်းပင်တွေ ပေါင်းသင်နေစဉ် အစိုးရ စစ်ကြောင်းတကြောင်းရောက်ရှိလာပြီး ရွာသားတွေကို လက်နက်ကိုင်  တပ်ဖွဲ့အကြောင်း မေးမြန်းသလို လမ်းမပေါ်ဖြတ်သန်းသွားလာနေတဲ့ ကားနဲ့ ဆိုင်ကယ်တွေကိုလည်း တားဆီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အီနိုင်းရွာသား  ၂ ဦးက ဆိုင်ကယ်ရပ်မပေးတဲ့ အတွက် အပစ်ခံရပြီး သေဆုံးခဲ့ကြောင်းနဲ့ ယာခင်းထဲက ခေါ်ယူစစ်ဆေးခံရတဲ့ ရွာသားတွေ အနက် ၅ ဦးကို စစ်တပ်က ဖမ်းခေါ်သွားကြောင်း၊ ပြန်လွှတ်ပေးဖို့ မိသားစုက သွားတောင်းဆိုခဲ့သေးကြောင်းနဲ့ ၄ ရက်ခန့်အကြာမှာတော့ ပြောင်းဖူးခင်းထဲ မြှုပ်နှံထားတဲ့ အလောင်းတွေအဖြစ် ပြန်တွေ့ခဲ့တာ ဖြစ်ကြောင်း ရွာသားတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024