ကလေးငယ်များကို တိုက်ကျွေးသည့်သက်တမ်းလွန်ဆေးဝါးများကိစ္စ စုံစမ်းစစ်ဆေးနေ
DVB
·
July 21, 2016
မကွေးတိုင်းဒေသကြီး ပခုက္ကူနဲ့မြိုင်မြို့နယ်မှာ ကျန်းမာရေးဦးစီးဌာနကဖြန့်ဝေခဲ့တဲ့ ဆေးဝါးတွေ သက်တမ်းလွန်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စုံစမ်း စစ်ဆေးတာတွေလုပ်နေပါတယ်။
ပခုက္ကူမြို့နယ်က ရပ်ကွက်တခုမှာ ဇွန်လနောက်ဆုံးပတ်က ကျန်းမာရေးဦးစီးဌာနက လာရောက်ဖြန့်ဝေခဲ့တဲ့ ဆေးတွေဟာ သီတင်းတပတ်ဝန်းကျင်လောက် သက်တမ်းလွန်ဆေးတွေ ဖြစ်နေခဲ့တာပါ။
ဒီဆေးတွေဟာ အသက် ၅ နှစ်နှင့် ၆ နှစ်အရွယ် ကလေးတွေကို တိုက်ကျွေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ အာဟာရဆေးမှုန့်တွေလည်း ဖြစ်တဲ့အတွက် ဇူလိုင် ပထမပတ်ထဲမှာပဲ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းက ကျန်းမာရေးဝန်ကြီးဌာနနဲ့ မကွေးတိုင်းဒေသကြီးအစိုးရတို့ကို တိုင်ကြားခဲ့တယ်လို့ မြန်မာနိုင်ငံစားသုံး သူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။
“ဝန်ကြီးဌာနက တိုင်ကြားစာကို လက်ခံရရှိကြောင်း အကြောင်းပြန်ပါတယ်။ တဆက်တည်း ဒီဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီလို့ ပြောပါတယ်။ ကျန်းမာရေးဦးစီးဌာနဆိုတာက သက်တမ်းလွန်တဲ့ ဆေးတွေကိုတောင် သိမ်းဆည်းအရေး ယူရမှာ သူတို့ကိုယ်တိုင်ကိုက ဒီလိုဖြန့်ဝေတယ်ဆိုတာလက်မခံနိုင်ဘူး။ ထိရောက်တဲ့အရေးမှုဖြစ်ဖို့လိုတယ်။”
အလားတူ ဇူလိုင်လ ပထမပတ်ထဲမှာ ကျန်းမာရေးဦးစီးဌာနက မြိုင်မြို့နယ်ထဲမှာ ကျောင်းသားတွေကို ဖြန့်ဝေတဲ့ အမောက်ဆလင် Antivirus ဆေးတွေဟာလည်း ၂၀၁၅ဇွန်လ ကတည်းက သက်တမ်းလွန်နေတဲ့ ဆေးတွေဖြစ်နေခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက ဇူလိုင် ၂၁ ရက်နေ့က အင်းစိန်မြို့နယ် ညောင်ကန်အေး သာသနာ့ရိပ်သာမှာ မီဒီယာတွေကို တွေ့ဆုံ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ - အာကာ