A d v e r t i s e m e n t With Us

မိုးကောင်းမြို့နယ်တွင် မိုင်းကွဲသဖြင့် ရွာသား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအုပ်စု၊ ပြွန်သုံးလုံးကျေးရွာ အနီးမှာ တိုက်မိုင်းတလုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရွာသား ၁ ဦးသေဆုံးက ၁ ဦးဒဏ်ရာရသွားပါတယ်။ ရွာသား ၂ ဦးဟာ ဇူလိုင် ၁၉ ရက် ညနေက မျှစ်ချိုးဖို့သွားစဉ် ရွာအနောက်ဘက် ၇ မိုင်ခန့်အကွာမှာ တိုက်မိုင်းတစ်လုံးကို  တိုက်မိပေါက်ကွဲလို့  ရွာသား ဦးခေါင်လွမ်းက နေရာမှာ  သေဆုံးခဲ့ပြီး ဦးဖော့တူခီကတော့  မိုင်းစထိမှန် ဒဏ်ရာတွေရသွားလို့  မိုးကောင်း ဆေးရုံကို ပို့ဆောင် ဆေးကုသမှုခံ ယူနေရတယ်လို့ ပြွန်သုံးလုံးကျေးရွာက ဦးညီညီနိုင်က ပြောပါတယ်။ “သူတို့က ပြွန်သုံးလုံးက ဦးစံမောင်တိုရဲ့ လယ်တောရဲ့တောင်ခြေမှာ သွားကြရင်းနဲ့ ပထမ ရှေ့ဆုံးကတယောက်ကတော့ မိုင်းကိုတိုက်မိတယ်လို့ပြောတယ်။ ဒုတိယ တယောက်က ကွဲတဲ့နေရာမှ မိတာဆိုတော့ ဒုတိယတယောက်က သေသွားတယ်။ တိုက်တဲ့ သူကတော့ ဒဏ်ရာပဲရပြီး မိုးကောင်းဆေးရုံမှာ အခု တော်တော်လေးသက်သာပြီတဲ့။ ” သေဆုံးသူရဲ့ ရုပ်လောင်းကို မနေ့က သင်္ဂြိုဟ်ပြီးစီးပြီး ဒီကနေ ဆုတောင်းပွဲ ပြုလုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ မိုးကောင်းမြို့နယ် ၁၄ မိုင်လောင်ဝေးပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေလည်း ကချင်ရွာသားတွေဖြစ်တယ်လို့ ပြောပါတယ်။ အဆိုပါဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့လှုပ်ရှား မှုရှိသလို  မြန်မာ့တပ်မတော်လှုပ်ရှားမှုရှိတဲ့ နယ်မြေဖြစ်ပါတယ်။ ဒါကြောင့် မည်သူမည်ဝါက ထောင်ထားတဲ့မိုင်းဆိုတာ အတိအကျမသိရဘူးလို့ ရွာသားတွေက ပြောပါတယ်။ စစ်တပ်ကထုတ်တဲ့ သတင်းမှာတော့ အဆိုပါတိုက်မိုင်းဟာ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က ထောင်ထားတဲ့ တိုက်မိုင်းဖြစ်တယ်လို့လည်း မြ၀တီသတင်း မှာဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up