အမျိုးသမီးတဦးကို မဖွယ်မရာ သင်္ကန်းလှန်ပြသည့် ထိုင်းဘုန်းကြီးရုပ်သံ ဝေဖန်ခံရ (ရုပ်သံ)

ထိုင်းဘုန်းကြီးတပါးဟာ အမျိုးသမီးတဦးကို မဖွယ်မရာသင်္ကန်းလှန်ပြကာ အရှက်မဲ့စွာ အပြန်အလှန် စကားပြောဆိုခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ ခံနေရပါတယ်။ ထိုင်းဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းမှာ အဆိုပါဘုန်းကြီးကို သင်္ကန်းချွတ် လူဝတ်လဲပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုနေကြတာပါ။ အဲဒီအဖြစ်အပျက်ဟာ ဇူလိုင် ၁၇ ရက်နေ့က ဆခွန်နခွန်ဘုန်းကြီးကျောင်းဝင်းထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှတဆင့် ပျံ့နှံ့သွားခဲ့တာလို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံရဲ့ ဘာသာရေးဆိုင်ရာ ဥပုသ်ရက် ၂ ရက်အတွင်းမှာ ခုလိုလုပ်ခဲ့တဲ့ သူ့ရဲ့အပြုအမူကို ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း ဒေါသထွက်နေကြတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဆိုပါဘုန်းကြီးဟာ မိန်းကလေးတဦးနဲ့ စကားပြောဆိုဖို့ ချဉ်းကပ်လာခဲ့ပြီး လက်မှာတော့ စီးကရက်တလိပ်ကို ညှပ်ထားခဲ့တာပါ။ သူ့ရဲ့ပုံစံဟာ ရန်မူလိုပုံရပြီး ဖုန်းကိုင်ထားတဲ့ မိန်းကလေးရဲ့ ရှေ့မှာ ကလန်ကဆန်ပုံစံနဲ့ ခါးထောက်ရပ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ကို ဖုန်းနဲ့ ဗွီဒီယိုရိုက်ပေးဖို့ မိန်းကလေးကို ပြောလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သူဟာ သင်္ကန်းကိုမကာ ဆွဲလှန်ပြခဲ့ပြီး ခါးအထက် ကိုယ်ခန္ဓာအပေါ်ပိုင်းကို လှစ်ပြလိုက်တာပါ။ သူက “နည်းနည်းကြည့်ကြည့်ပါဦး။ ငါ မင်းလိုချင်တာပေးမယ်။ အဲဒီလိုပြတဲ့အတွက် မင်းငါ့ကို ဘတ် ၁၀၀၀ ပဲပေး” လို့ ပြောလိုက်ပါတယ်။ မိန်းကလေးက “ဘာကြောင့် ကျမက ဘတ် ၁၀၀၀ ပေးရမှာလဲ။ အမျိုးသမီးတယောက်ကို ခုလိုပြောတာ ဘယ်လိုဘုန်းကြီးမျိုးလဲ။ ဘာလို့ ခုလိုစကားမျိုး ပြောရတာလဲ” လို့ တုံ့ပြန်ပြောဆိုခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အဆိုပါ ရုပ်သံဗွီဒီယိုဖိုင်ကို ဘန်ရက်သီဝ (Banyattewa) အင်တာနက်စာမျက်နှာပေါ်ကို မျှဝေခဲ့ချိန်မှာတော့ အံ့အားတသင့် ဖြစ်ခဲ့ကြကာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ အင်တာနက်အသုံးပြုသူတွေက အဆိုပါဘုန်းကြီးကို လူဝတ်လဲပေးဖို့ တောင်းဆိုနေကြပြီး တချို့ကတော့ သံဃအဖွဲ့အစည်းရဲ့ စည်းမျဉ်းအတိုင်း အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up