မြန်မာ့ အသေးစား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးရေး ဗီယက်နမ်ဘဏ်မှ ဒေါ်လာသန်း ၃၀ ချေးမည်
DVB
·
July 21, 2016
မြန်မာ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ငွေချေးနိုင်ဖို့ ဗီယက်နမ် အခြေစိုက် ဘဏ်တခုဆီကနေ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို မြန်မာ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (အက်စ်အမ်အိုင်ဒီဘီ)က ချေးယူသွားမှာ ဖြစ်ပါတယ်။
ချေးငွေကို နှစ်စဉ် အတိုးနှုန်း ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းထိ ပေးကာ ချေးယူသွားမှာလို့ တရုတ်နိုင်ငံ အခြေစိုက် ဆင်ဟွာသတင်းက ဇူလိုင် ၂၁ ရက်မှာ ရေးပါတယ်။
ပြည်တွင်းအသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကိုတော့ အတိုးနှုန်း တနှစ်ကို ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ပြန်လည် ပေးချေးသွားမယ်လို့ သတင်းက ဆိုပါတယ်။
ဒီအတိုးနှုန်းဟာ ပြည်တွင်းဘဏ်တွေက လက်ရှိယူနေတဲ့ အတိုး ၁၂ ရာခိုင်နှုန်းထက် ပိုနည်းတယ်လို့ အက်စ်အမ်အိုင်ဒီဘီက တာဝန်ရှိသူတဦးကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။
“ဗီယက်နမ်ဘဏ်က သတ်မှတ်ထားတဲ့ အတိုးနှုန်းကို ဖြတ်ချင်တယ်ဆိုရင် ကျနော်တို့အနေနဲ့လည်း အတိုးနှုန်းကို လျှော့ချသွားမှာပါ။”လို့ အက်စ်အမ်အိုင်ဒီဘီက တခြားအရာရှိတဦးက ပြောပါတယ်။
မြန်မာ့စီးပွားရေးဘဏ်ဆီကလည်း ချေးငွေ ကျပ် ဘီလျံ ၃၀ (အမေရိကန်ဒေါ်လာ သန်း ၃၀ လောက်)ကို အက်စ်အမ်အိုင်ဒီဘီက ရယူထားခဲ့ပြီးပြီလို့လည်း သတင်းမှာ ဖော်ပြပါတယ်။ ဗီယက်နမ်ဘဏ် ဘယ်ဘဏ်ဆိုတာတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။