A d v e r t i s e m e n t With Us

ဂျာမနီ ရထားစီးခရီးသည်များကို တိုက်ခိုက်ခဲ့သည့် အာဖဂန်ဒုက္ခသည်ကို အသေပစ်ခတ်

ဓာတ်ပုံ - ရိုက်တာ
ဂျာမနီနိုင်ငံတောင်ပိုင်းမှာ အာဖဂန်ဒုက္ခသည်တဦးက ရထားစီး ခရီးသည်တွေကို ဓားတချောင်း၊ ပုဆိန်တလက်နဲ့ တိုက်ခိုက်မှု ဇူလိုင် ၁၈ ရက် ညနေက ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် တိုက်ခိုက်သူကိုတော့ ရဲက အသေပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့ ဘာဗားရီးယားပြည်နယ် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး လုပ်သားတွေက ဒဏ်ရာရသူတွေကို ဆေးရုံ ပို့ပေးခဲ့ပါတယ်။ တိုက်ခိုက်သူရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းဖို့ စောလွန်းသေးတယ်လို့ ပြည်ထဲရေးဝန်ကြီးက ဂျာမန် ပြည်သူ့ရုပ်သံကို ပြောပါတယ်။ သူဟာ အုပ်ထိန်းသူ အစောင့်အရှောက် မရှိတဲ့ လူငယ်တွေနေရာ ဝုဇ်ဘော့ဂ်မြို့နားက အိမ်တလုံးမှာ နေခဲ့တယ်လို့ ယုံကြည်ရကြောင်းလည်း ပြောပါတယ်။ ဒီအရေးဟာ ဥရောပမှာ တကိုယ်တော် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ တိုးလာစေပါတယ်။ ထောင်သောင်းချီနေတဲ့ ဒုက္ခသည်တွေကို ကြိုဆိုခဲ့တဲ့ ဂျာမန်အဓိပတိ အိန်ဂျလာမာကယ်အပေါ်လည်း နိုင်ငံရေးဖိအားတွေ ကျရောက်စေနိုင်ပါတယ်။ ဂျာမနီအစိုးရဟာ ၂၀၁၅ တနှစ်တည်းမှာ အုပ်ထိန်းသူမပါတဲ့ ထောင်နဲ့ချီတဲ့ ကလေးတွေ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ အယောက်တသန်းလောက်ကို ကြိုဆိုခဲ့ပါတယ်။ သူတို့ထဲက အများအပြားဟာ ဆီးရီးယား၊ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေက စစ်ပွဲတွေကနေ ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up