A d v e r t i s e m e n t With Us

ကြွက်အရှင်များအား ဘီယာနှင့်မြည်းသူကို တိရစ္ဆာန်အခွင့်ရေး လှုပ်ရှားသူများ ဝေဖန် (ရုပ်သံ)

အမျိုးသားတဦးဟာ ကြွက်အရှင်တွေကို အစိမ်းလိုက်စားကာ ဘီယာနဲ့ မြည်းပြခဲ့တဲ့ မသတီစရာ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပြီးနောက်မှာ တိရစ္ဆာန်အခွင့်အရေး အဖွဲ့အစည်းတခုက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အော်ဂလီဆန်စရာ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဆိုပါ လူငယ်အမျိုးသားဟာ ဘတ်ဒ်ဝိုက်ဇာ ဘီယာဘူးတဘူးနဲ့အတူ ကြွက်အရှင်တကောင်ကို တူနဲ့ညှပ်ပြီး အချဉ်နဲ့နှစ်ကာ စားခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာ သူဟာ ဘီယာကို သောက်လိုက်ပြီး နောက်တကောင်ကို မစားခင်မှာ အချဉ်ရည်ထဲကို ၀ါဆာဘိ ထပ်ထည့်လိုက်ပြီး ထပ်မံဝါးစားလိုက်တာပါ။ ဇူလိုင် ၁၉ ရက်နေ့က လူမှုကွန်ရက်ပေါ် ရောက်လာတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ တရုတ်နိုင်ငံမှာ ရိုက်ကူးခဲ့တာ ဖြစ်နိုင်တယ်လို့ မေရာသတင်းတပုဒ်က ဆိုပါတယ်။ တိရစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတခုဖြစ်တဲ့ ပီတာ (PETA) အဖွဲ့ တည်ထောင်သူ ဒါရိုက်တာ မီမီဘက်ခ်ချီက ဒီကိစ္စကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။ “တိရစ္ဆာန်တွေကို အရှင်လတ်လတ် စားသောက်တာ တရုတ်နိုင်ငံကလွဲပြီး တကမ္ဘာလုံးမှာ တားမြစ်ထားတာပါ။ ဒါပေမယ့် (ရုပ်သံဗွီဒီယိုဖိုင်ထဲက) ဒီလူကို တွေ့တဲ့ ဘယ်သူမဆို သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့ တောင်းဆိုပါတယ်။ သူ့ရဲ့အပြုအမူဟာ စာနာစိတ်ကင်းမဲ့ပြီး ကူကယ်ရာမဲ့ သတ္တ၀ါတွေအပေါ်ကို အင်အားသုံး နိုင့်ထက်စီးနင်း လုပ်နေတာကို ပြနေတာပါပဲ။” လက်ရှိမှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒီလူကို ဖော်ထုတ်ဖမ်းဆီး အရေးယူဖို့ ပီတာအဖွဲ့က မျှော်လင့်တယ်လို့ သူက ပြောပါတယ်။ “စိတ်ပညာနဲ့ မှုခင်းဗေဒဆိုင်ရာ သုတေသနပြုချက်တွေအရ လူမှုအသိုင်းအ၀ိုင်းရဲ့ အကြမ်းဖက်မှုတွေရဲ့အစဟာ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုတွေက အစပြုတာပါပဲ” လို့ သူက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up