တရုတ်နိုင်ငံ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဒေါ်လာ ၁၀ ဘီလီယံ သတ်မှတ်

ဓာတ်ပုံ - အီးပီအေ
တရုတ်နိုင်ငံအစိုးရက ဆင်းရဲမွဲတေမှုအောက် ရောက်ရှိနေတဲ့ လူဦးရေ သန်း ၇၀ ကျော် နေထိုင်ကြတဲ့ ဒေသတွေရဲ့ ဖွံ့ဖြိုးရေးထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲဖို့ သတ်မှတ်ခဲ့ပါတယ်။ အဆိုပါဒေသတွေအတွက် ဒေါ်လာ ၁၀ ဘီလီယံနဲ့ညီမျှတဲ့ တရုတ်ယွမ်ငွေ ၆၆ ဘီလီယံကျော် အတည်ပြုပြီးပြီလို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ ဒီငွေကြေးပမာဏဟာ ကာလတူ မနှစ်ကထက် ၄၀ ရာခိုင်နှုန်းကျော် ပိုမိုသုံးစွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ တိုင်းမ်စ်အော့ဖ်အိန္ဒိယ သတင်းက ဖော်ပြပါတယ်။ ဒီရန်ပုံငွေကို ကျေးလက်ဒေသက နေအိမ်တွေ ပြောင်းရွှေ့နေရာချထားရေး၊ လူနည်းစုတွေကို ကူညီရေး၊ အလုပ်အကိုင်ရရှိရေး၊ နိုင်ငံပိုင် ခြံလုပ်ငန်းတွေ ပြန်လည်ရှင်သန်ရေးတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု လျှော့ချရေး နှစ်ပတ်လည်ရည်မှန်းချက် ပေါက်မြောက်အောင် အစိုးရအနေနဲ့ ငွေအား၊ လူအား အထောက်အပံ့ပေးဖို့ တရုတ် ဒုတိယ၀န်ကြီးချုပ် ၀မ်ယန်က  ဒီလအစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ သက္ကရာဇ် ၂၀၂၀ ခုနှစ်မှာ ဆင်းရဲမွဲတေမှု လုံးဝကင်းစင်ရေး စီမံချက်ကို အကောင်အထည် ဖော်နေတဲ့ တရုတ်နိုင်ငံဟာ ဒီနှစ်အတွင်းမှာ ဆင်းရဲမွဲတေသူ ၁၀ သန်း လျှော့ချနိုင်ဖို့ ရည်မှန်း လုပ်ဆောင်နေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက တရုတ်နိုင်ငံရဲ့ စီးပွားရေး ၂ ဆ တိုးတက်ခဲ့ပေမယ့်လည်း တရားဝင် ခန့်မှန်းချက်တွေအရ လူဦးရေ သန်းပေါင်း ၇၀ ဟာ ဆင်းရဲတွင်း နက်နေကြဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ခန့်မှန်းချက်အရ တရုတ်နိုင်ငံမှာ လက်ရှိလူဦးရေ သန်းပေါင်း ၁၃၈၂ သန်းကျော်ရှိပြီး ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၈ ဒသမ ၇၂ ရာခိုင်နှုန်းရှိနေပြီး တရုတ်နိုင်ငံ လူဦးရေရဲ့ ၅၆ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up