ကင်မရာများအတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးများ ဖမ်းမိ

ဓာတ်ပုံ - Pattanapong Hirunard
1.3K
ကင်မရာတွေထဲမှာ လျှို့ဝှက်ထည့်သွင်း သယ်ဆောင်လာတဲ့ အိုက်စ် စိတ်ကြွမူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို တရုတ်နိုင်ငံ၊ ဂွမ်ကျိုးမြို့ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဆီ ရေကြောင်းပို့ဆောင်ရေး သင်္ဘောကုမ္ပဏီတခုမှတဆင့် ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဆီရီညာ ဆစ်တ်ဒီချိုင်က ဇူလိုင် ၁၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စီစီတီဗွီကင်မရာတွေထဲမှာ လျှို့ဝှက်ထည့်သွင်းလာတဲ့ ဘတ်ငွေ ၁၅ သန်း တန်ဖိုးရှိ အိုက်စ် စိတ်ကြွဆေးဝါး အလေးချိန် ၅ ကီလိုဂရမ်ကို လာရောက်ရွေးယူသူ နိုင်ဂျီးရီးယားနိုင်ငံသား ၂ ဦးနဲ့ ထိုင်းအမျိုးသမီးတဦးကို ဇူလိုင် ၁၇ ရက် နေ့လယ် ၁ နာရီမှာ လက်ရဖမ်းဆီးနိုင်ခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲက တဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသား ဖိလစ် အာတမွန်ညာဟာ ထိုင်းနိုင်ငံမှာ အလည်အပတ်ဗီဇာနဲ့ နေထိုင်တာဖြစ်ပြီး ဒီမူးယစ်ဆေးဝါးမှုမှာ အဓိက ညွှန်ကြားသူတဦး ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဆီရီညာ ဆစ်တ်ဒီချိုင်က ဒီမူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ နယူးဇီလန်၊ ဂျပန်နဲ့ သြစတြေးလျ နိုင်ငံတွေမှတဆင့် ထိုင်းနိုင်ငံနဲ့ ချိတ်ဆက်ပတ်သက်မှု ရှိနေတယ်ဆိုတာ သက်သေပြနေတာပါပဲလို့ ပြောပါတယ်။
ခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘန်ကောက်ကို ဂွမ်ကျိုးမှတဆင့် လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်ပြီး ရောက်လာခဲ့တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗျူရို (အဲန်အက်စ်ဘီ) မှ ရဲချုပ် ဆူပါကစ် ဆီရိဂျန်တရာနွန်က အာဖရိကမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေဟာ ထိုင်းနိုင်ငံတွင်းကို ဘာသာစကားဆရာတွေ၊ ခရီးသွားဧည့်သည်တွေအဖြစ် ၀င်ရောက်လာလေ့ရှိပြီး တရားမ၀င်အမှုတွေ ကျူးလွန်လေ့ရှိတယ်လို့ ဆိုပါတယ်။