A d v e r t i s e m e n t With Us

ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းကြောင့် မြန်မာ့ရုပ်ရှင် အရည်အသွေးမြင့်လာဖို့ မျှော်လင့်

ရုပ်ရှင်ရုံတွေ များပြားလာရင် ရုံပြိုင်စနစ်တွေ ပေါ်ပေါက်လာနိုင်ပေမယ့် အရည်အသွေးရှိတဲ့ ကားတွေလည်း ဖြစ်လာဖို့လိုတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ မကြာခင်အတောအတွင်းမှာ စတင်အကောင်အထည်ဖော်တော့မယ့် ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းဟာ သာမန်ရုပ်ရှင်ရုံတွေထက် ပိုမိုအဆင့်အတန်းမြင့်တဲ့ အပြင်အဆင်တွေနဲ့ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ခုလို ရုပ်ရှင်ရုံတွေ များပြားလာရင် ရုံပြိုင်စနစ်တွေလည်း ပေါ်ပေါက်လာနိုင်ပြီး မြန်မာ့ရုပ်ရှင်အရည်အသွေးတွေ မြင့်လာဖို့ကိုလည်း ရုပ်ရှင်လောကသားတွေက မျှော်လင့်နေကြတာပါ။ “ရုံ ၁၀၀ ရှိဖို့ထက် ကွာလတီပြည့်တဲ့ ကား ၁၀၀ ပြည့်ဖို့ အရေးကြီးတယ်။ ရုံတွေက အများကြီးရှိတယ်။ ဇာတ်ကားတွေက အရည်အသွေး မပြည့်ဘူးဆိုရင် ရုံတွေအများကြီးရှိလည်း ပရိသတ်အတွက်ကတော့ ဘာမှမထူးခြားဘူး” လို့ ဒါရိုက်တာ မောင်ဗေဒါက ပြောပါတယ်။ ဒါရိုက်တာ ၀ိုင်းကလည်း “ရုပ်ရှင်ရုံ ၁၀၀ ကို စီမံကိန်းလုပ်လည်း ရုံ ၂၀ လောက်ကို တကားခွဲတင်ရင် အဲဒီရုပ်ရှင်ရုံ ၁၀၀ လည်း ဒုက္ခရောက်မှာ။ အရည်အသွေးရှိတဲ့ကားတွေ ထွက်ပေါ်လာအောင် ဘယ်လိုမျိုးလုပ်မလဲဆိုတာက အရေးကြီးတာ။ အဲဒါကို တိုင်ပင်ရမယ်၊ ဆွေးနွေးရမယ်၊ အဖြေရှာရမယ်။ စီးပွားရေးသမားကို သွားမေးရင်တော့ စီးပွားရေးသမားကတော့ စီးပွားရေးစကားပဲ ပြောမှာပဲလေ။ အနုပညာသမားကလည်း ပိုက်ဆံရနေတဲ့ အောင်မြင်နေတဲ့သူကလည်း သူအောင်မြင်နေတဲ့ လမ်းကြောင်းကို သူစွန့်လွှတ်ဖို့ဆိုတာ အင်မတန်ဝန်လေးမှာပဲ။ ဒါ အစ်ကိုတို့ နားလည်ပေးလို့ရတယ်။ သို့သော်ငြားလည်း ဖြစ်သင့်ဖြစ်ထိုက်တာထက် ပြောင်းပြန်ဖြစ်နေရင် အစ်ကိုတို့ သူတို့ဆန္ဒကို လွန်ဆန်သင့်ရင် လွန်ဆန်ရမယ်” လို့ ပြောပါတယ်။ လက်ရှိအခြေအနေမှာတော့ ရုပ်ရှင်ကားကြီးတကားကို နှစ်ပတ်လောက် ရုံတင်ပြသနေရတာ ဖြစ်ပါတယ်။ ရိုက်ကူးပြီးသား ရုပ်ရှင်ကားတွေ ရာကျော်ရှိနေပြီး ပြသဖို့အတွက် ရုပ်ရှင်ရုံအရေအတွက် နည်းပါးတာကြောင့် စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။ “ရုပ်ရှင်ရုံတွေ များလာပြီ၊ ပြတဲ့နေရာတွေ များလာပြီ၊ ဒါပေမယ်လို့ အရည်အသွေးမရှိတဲ့ ဇာတ်ကားတွေ တင်လာမယ်ဆိုရင်တော့ အဲဒီရုံတွေကလည်း စဉ်းစားရမှာပေါ့။ အခုလည်း ဦးအရိုင်းတို့ စဉ်းစားထားပါတယ်၊ ဘာလဲဆိုရင် အေ ကလပ်၊ ဘီ ကလပ်၊ စီ ကလပ်ဆိုပြီးတော့ သုံးခုလောက်တော့ ခွဲလိုက်မယ်။ ခွဲပြီးတော့မှ ဒီကားကိုတော့ ဒီရုံမှာ တင်ဖို့အတွက် အရည်အသွေး ပြည့်မီတယ်ဆိုရင် လောလောဆယ်မှာ အဲလိုလုပ်နိုင်ဖို့ ဦးအရိုင်းတို့တွေ စဉ်းစားထားကြတယ်” လို့ သရုပ်ဆောင် အရိုင်းက ပြောပါတယ်။ လက်ရှိ ရန်ကုန်မြို့က ရုပ်ရှင်ရုံအများစုကတော့ မင်္ဂလာရုပ်ရှင်ရုံတွေပဲ ဖြစ်ပါတယ်။ ဒီလို ရုပ်ရှင်ရုံတွေ ဆောက်လုပ်မှာကို မင်္ဂလာရုပ်ရှင်ရုံကုမ္ပဏီက ကြိုဆိုပြီး သူတို့ ရုပ်ရှင်ရုံတွေကိုလည်း ဒီထက်ပိုမိုအဆင့်မြင့်တဲ့ ရုပ်ရှင်ရုံတွေဖြစ်အောင် တတ်နိုင်သမျှ လုပ်ဆောင်သွားမယ်လို့ မင်္ဂလာရုပ်ရှင်ရုံကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ “အခု ကမ္ဘာမှာ ဘာပေါ်လဲ၊ ပေါ်တဲ့ဟာကို ကျနော်တို့က အများပြည်သူ ကြည့်ရှုနိုင်အောင် အမြဲတမ်း ချပြနေတယ်။ နောက်ထပ်ပေါ်မယ့် အသစ်တွေကိုလည်း ကျနော်တို့က ပေးနိုင်အောင် အမြဲတမ်း ကြိုးစားနေပါတယ်” လို့ မင်္ဂလာရုပ်ရှင်ရုံကုမ္ပဏီ ဈေးကွက်နဲ့ ကြော်ငြာဌာနမှ ကိုမြတ်ခိုင်စိုးက ပြောပါတယ်။ ရုပ်ရှင်ရုံတွေ များပြားလာရင်တော့ တန်းစီစနစ်နဲ့ စောင့်ဆိုင်းနေစရာမလိုဘဲ ရုံပြိုင်စနစ်တွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ကျပ်သန်းပေါင်းနှစ်သောင်း ကုန်ကျမယ့် ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်း ၂ နှစ်အတွင်း အကောင်အထည်ဖော်မှာဖြစ်ပြီး အဓိက ပံ့ပိုးမှာကတော့ ကမ္ဘောဇဘဏ်က ဖြစ်ပါတယ်။ သတင်း - ခိုင်ပန်းနု

A d v e r t i s e m e n t With Us

More News
Up