ထိုင်ဝမ် ခရီးသွားဘတ်စ်ကား မီးလောင်၊ လိုက်ပါသူ ၂၆ ဦးလုံး သေဆုံး (ရုပ်သံ)

ထိုင်ဝမ်နိုင်ငံမှာ ဇူလိုင် ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ခရီးသွားဘတ်စ်ကားတစီး မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ခရီးသည် ၂၆ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။ ဒီမတော်တဆမှုဟာ ထိုင်ဝမ် အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ရှိရာ တိုင်ပေတောင်ပိုင်း၊ တာအိုယွမ်ဒေသမှ အမှတ် ၂ အမျိုးသား အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဆိုးဝါးဆုံး မတော်တဆမှုဖြစ်တယ်လို့ ခရိုင်မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကားပေါ်မှာ ဧည့်လမ်းညွှန်တဦး၊ ယာဉ်မောင်းဖြစ်သူနဲ့အတူ တရုတ်နိုင်ငံ၊ လျောင်နင်းခရိုင်မှ ခရီးသွားဧည့်သည် ၂၄ ဦး လိုက်ပါလာကြပြီး လေဆိပ်ကိုပို့ဖို့ အသွားမှာ ခုလို မီးလောင်ကျွမ်းခဲ့တာပါ။ တာအိုယွမ်ဒေသ မီးသတ်ဦးစီးဌာနမှူး လဲ့ချီချောင်းက ကားပေါ်ပါလာသူအားလုံး သေဆုံးသွားခဲ့ကြပြီး ကယ်တင်ဖို့ အချိန်မလုံလောက်ခဲ့ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ ခရီးသည်တွေဟာ ကားရဲ့ အရေးပေါ်ထွက်ပေါက်တွေကို မတင်ဆွဲဖွင့်ဖို့ ကြိုးစားခဲ့ကြပေမယ့် မရခဲ့ဘဲ ကားတစီးလုံး မီးလောင်ကျွမ်းခဲ့ချိန်မှာ မီးခိုးလုံးထူထူတွေဟာ ဘတ်စ်ကားရှေ့မှာ ဖုံးလွှမ်းသွားခဲ့တာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဒီမီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာက သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ အဲဒီနေရာကို မီးသတ်ကား ၁၃ စီးနဲ့ မီးသတ်သမား အယောက် ၃၀ လာရောက် မီးငြှိမ်းသတ်ပြီး ကယ်ဆယ်ဖို့ ကြိုးစားခဲ့ကြပေမယ့် မီးဟာ အရှိန်အဟုန်နဲ့ လောင်ကျွမ်းနေခဲ့ပြီး မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up