၂၀၂၀ မှာ ခရီးသွားလုပ်ငန်းကနေ ကန်ဒေါ်လာ ဘီလီယံ ၃၀ ရရန် ဗီယက်နမ်ရည်မှန်း

750
ဗီယက်နမ်နိုင်ငံမှာ ၂၀၂၀ ခုနှစ်ရောက်တဲ့အခါ ခရီးသွားလုပ်ငန်းကနေ တိုင်းပြည်ဂျီဒီပီရဲ့ ဆယ်ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ဒေါ်လာဘီလီယံ ၃၀ ရရှိဖို့အတွက် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ရည်မှန်းလုပ်ဆောင်နေပါတယ်။
ဗီယက်နမ်နိုင်ငံမှာ မနှစ်တုန်းက နိုင်ငံတကာခရီးသည် ၇ ဒသမ ၉ သန်းနဲ့ ပြည်တွင်းခရီးသည် ၅၇ သန်းထံကနေ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၁ ဘီလီယံ ၀င်ငွေရရှိခဲ့ပါတယ်။ ဒီနှစ်ပထမ ၆ လပတ်မှာ နိုင်ငံတကာခရီးသည် ၄ ဒသမ ၇ သန်းကို ပိုမိုဆွဲဆောင်နိုင်ခဲ့ပြီး မနှစ်ကထက် ၂၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ၂၀၂၀ ခုနှစ်မှာ နိုင်ငံတကာခရီးသည် ၁၄ သန်း၊ ၁၅ သန်းထိ ဆွဲဆောင်နိုင်ဖို့နဲ့ ခရီးသွားလုပ်ငန်းကနေ အလုပ်အကိုင် ၃ ဒသမ ၅ သန်း ဖန်တီးနိုင်မယ်လို့ မျှော်လင့်ကြောင်း ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန Nguyen Ngoc Thien က ပြောဆိုချက် ကို ဗီယက်နမ် Thanh Nien သတင်းက ရေးပါတယ်။
သူက “ဒီရည်မှန်းချက်တွေပေါက်ရောက်ရေးက ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မှာ ဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ ခရီးသည်ဝင်နှုန်းရဲ့ တ၀က်နဲ့ညီမျှတဲ့ဒီရည်မှန်းချက်က ကျနော်တို့ လက်ရှိရင်းနှီးမြှုပ်နှံမှုတွေကနေအသီးအပွင့်တွေ ဖြစ်လာရင် ဖြစ်နိုင်ပါတယ်။” လို့ပြောပါတယ်။
ဝန်ကြီးဟာ ဒီစီမံချက်ကို ဗဟိုအစိုးရနဲ့ နိုင်ငံတ၀န်းက အဓိက ခရီးသွားလုပ်ငန်းလုပ်ဆောင်နေတဲ့ အဖွဲ့တွေတက်ရောက်ဆွေးနွေးတဲ့ကွန်ဖရင့်မှာ မိတ်ဆက်ပြောဆိုခဲ့တာဖြစ်ပါတယ်။
လာမယ့်လေးနှစ်တာအါတွင်း ခရီးသွားလုပ်ငန်းဦးစားပေးနိုင်ငံတခုအဖြစ် ရောက်ရှိဖို့အတွက် တာဝန်ရှိသူတွေရဲ့ တွေးခေါ်စဉ်းစားပုံအမူအကျင့်တွေပြောင်းလဲသင့်ကြောင်း တာဝန်ရှိသူအများ အပြားက ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
ဟိုချီမင်းမြို့တော် ခရီးသွားလုပ်ငန်းဌာန ဒါရိုက်တာ Van Thi Bach Tuyet က ခရီးသွားလုပ်ငန်းနဲ့ တခြားအေဂျင်စီတွေအကြား ပူးပေါင်းဆောင်ရွက်မှု ကွာဟပြတ်တောက်မှုကို ထောက်ပြပြော ဆိုပါတယ်။
သူက “သယ်ယူပို့ဆောင်ရေးကဏ္ဍက ခရီးသွားလုပ်ငန်းအကြောင်း မစဉ်းစားဘဲနဲ့ တံတား အနိမ့်တွေ ဆောက်တဲ့အခါမှာ ဟိုချီမင်းမြို့တွင်း ရေလမ်းခရီးစဉ်တွေမှာ အခက်အခဲတွေ ဖြစ်စေပါတယ်” လို့ ပြောပါတယ်။
ဒါနန်မြို့ ဒုတိယမြို့တော်ဝန် Dang Dinh Dung ကတော့ မြို့တိုင်း၊ ခရိုင်တိုင်းက တာဝန်ရှိသူတွေဟာ သူတို့ဒေသမှာပဲ ခရီသွားလုပ်ငန်းမြင့်တက်လာရေးကိုဖြစ်ချင်နေကြပြီး တနိုင်ငံလုံးလွှမ်းခြုံတိုးတက်ရေးကိုတော့ မစဉ်းစားကြဘူးလို့ ထောက်ပြဆွေးနွေးပါတယ်။
ခရီးသွားလုပ်ငန်း ၀န်ကြီးကတော့ အစိုးရက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် တနှစ်ကို ဒေါ်လာ ၂ သန်းဝန်းကျင်သုံးစွဲခွင့်ပြုကြောင်းနဲ့ ဒီငွေပမာဏဟာ ဗီယက်နမ်လေကြောင်းလိုင်းတွေ ရဲ့ ခရီးသည်ဆွဲဆောင်မြှင့်တင်ရေးထက် နည်းပါးနေတယ်လို့ ပြောပါတယ်။ ခရီးသွားလုပ်ငန်းမြှင့် တင်ရေး ဌာနနဲ့ ပြည်ပခရီးသွားလုပ်ငန်းရုံးခန်းတွေကို ပြန်လည်ထူထောင်သင့်တယ်လို့ သူက အကြံပြုပါတယ်။
ဒါပေမယ့် ဒုတိယ၀န်ကြီးချုပ် Vuong Dinh Hue ကတော့ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှု တာဝန်ရှိသူတွေရဲ့ စဉ်းစားတွေးခေါ်ပုံအမူအကျင့်ပြောင်းလဲရေးကို အဓိက ဦးစားပေး သင့် ကြောင်း၊ ဖွံ့ဖြိုးမှုအတွက် ငွေက အဓိကအရေးကြီးတာမဟုတ်ကြောင်း ပြောပါ တယ်။
“တနှစ်မှာ ကမ္ဘောဒီးယားက အန်ကောဝပ်က ဒေါ်လာ သန်း ၃၆၀ ရရှိနေချိန်၊ ဟာဝိုင်အီက ဒေါ်လာ ၆၅ ဘီလီယံဝင်ငွေရရှိချိန်မှာ The Hue Citadel (ဗီယက်နမ်ဧက္ကရာဇ်ာမြို့တော်ဟောင်း) ကနေ တနှစ်ကို ဒေါ်လာ ၅ သန်းအောက်ပဲရပါတယ်။ ဒါကိုကြည့်ရင် ကျနော်တို့က ဘာဖြစ်လို့ မဖြစ်စလောက် ၀င်ငွေပမာဏပဲ ၀င်ရတာလဲ” လို့ သူက မေးခွန်းထုတ်ပါတယ်။
အာရှ-ပစိဖိတ်ခရီးသွားလုပ်ငန်းအဖွဲ့အဆိုအရ နိုင်ငံတကာကမ္ဘာလှည့်ခရီးသွား ၆ ရာခိုင်နှုန်းသာ ဗီယက်နမ်နိုင်ငံကို ဒုတိယအကြိမ်လာရောက်လည်ပတ်ကြတယ်လို့ သိရပါတယ်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အဓိက အကြောင်းအရာက ငွေရရှိရေးမဟုတ်ဘဲ လူများများ လာရောက်လည်ပတ်ရေးလားလို့ သူက မေးခွန်းထုတ်ပါတယ်။
ဒါနန် ဒုတိယမြို့တော်ဝန်ကတော့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အစိုးရဘဏ္ဍာကို အသုံး မပြုသင့်ဘူးလို့ ပြောပါတယ်။
ခရီးသွားကုမ္ပဏီတွေက ခရီးသွားလုပ်ငန်းကို မြှင့်တင်ရာမှာ သူတို့ကိုယ်ပိုင်ငွေကြေးကို သုံးစွဲသင့် တယ်၊ ဒါမှသာ ဈေးကွက်တောင်းဆိုမှုနဲ့ ဘယ်လိုအဖြေရှာသင့်တယ်ဆိုတာကို သိရှိကြမှာဖြစ် တယ်လို့ ဆိုပါတယ်။