တောင်တရုတ်ပင်လယ်အရေးဆွေးနွေးရန် တရုတ်ကမ်းလှမ်းချက် ဖိလစ်ပိုင်ပယ်ချ

တောင်တရုတ်ပင်လယ်ရေပြင်ပိုင်နက်ကိစ္စ နိုင်ငံတကာ အနုညာတတရားရုံးဆုံးဖြတ်ချက်နဲ့ ပတ် သက်လို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းဖို့ တရုတ်နိုင်ငံရဲ့ကမ်းလှမ်းချက်ကို ဖိလစ်ပိုင် နိုင်ငံက ပယ်ချခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အားလုံးနီးပါးကို ပိုင်ဆိုင်တယ်လို့ တရုတ်က တောင်းဆိုမှုကို ဖိလစ်ပိုင်နိုင်ငံက ၂၀၁၃ ခုနှစ်ကတည်းက မကျေနပ်လို့ တိုင်ကြားခဲ့တာပါ။ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာခုံရုံးက ‘တောင်တရုတ်ပင်လယ်တွင်း ဧရိယာအားလုံးနီးပါးကို ပိုင်တယ်လို့ တရုတ်က ဆိုနေတာတွေဟာ ဥပဒေကြောင်းအရ အခြေအမြစ်မရှိတဲ့အပြင် နိုင်ငံတကာဥပဒေတွေနဲ့လည်း ဖီလာဆန့်ကျင်နေတယ်လို့ ဆုံးဖြတ်ခဲ့ပါ တယ်။ တရုတ်ကတော့ ဒီဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဆွေးနွေး ညှိနှိုင်းမယ်လို့ သဘောထားထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပါဖက်တိုဗာဆေးက တီဗွီသတင်းဌာနကို ဖြေဆိုရာမှာ သူဟာ အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးသွားတက်စဉ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီနဲ့ အလွတ်သဘောတွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက အနုညာတ တရားရုံးဆုံးဖြတ်ချက်ကို အသာထားပြီး နှစ်နိုင်ငံချင်း ပြင်ပမှာ ဆွေးနွေးဖို့ အဆိုပြုကမ်းလှမ်းခဲ့တာလို့ဆိုပါတယ်။ သူကတော့ ဒီလိုဆွေးနွေးခြင်း အားဖြင့် ဖိလစ်ပိုင်နိုင်ငံအမျိုးသားအကျိုးစီးပွားနဲ့ ကိုက်ညီခြင်းမရှိတဲ့အတွက် ငြင်းပယ်ခဲ့ကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ အနုညာတတရားရုံးဆုံးဖြတ်ချက်ကို လိုက်လျောဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင် ၁၄-၁၅ ရက်က မွန်ဂိုလီယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ဥရောပထိပ်သီး အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်ကိစ္စကို အလေးထားဆွေးနွေးခဲ့ကြပြီးနောက် ရေကြောင်းဆိုင်ရာ အငြင်းပွားမှုတွေကို နိုင်ငံတကာဥပဒေနဲ့အညီ ဖြေရှင်းမှုရဲ့ အရေးပါမှုကို သဘောတူကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံလို့ အမည်တပ်ဖော်ပြရေးသားခြင်းမပြုထားတဲ့ ကြေညာချက်ထဲမှာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအပါအ၀င် နိုင်ငံတကာဥပဒေတွေနဲ့အညီ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့နဲ့ အင်အားသုံးခြိမ်းခြောက်ခြင်းကနေ ရှောင်ကြဉ်ဖို့ အာရှနဲ့ ဥရောပခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။
အစည်းအဝေးတက်ရောက်လာတဲ့ တရုတ်ဝန်ကြီးချုပ် လီခေကျန် (Li Keqiang) ကတော့ တောင်တရုတ်ပင်လယ်ပိုင်နက်ဆိုငရာ နိုင်ငံတကာခုံရုံးရဲ့ဆုံးဖြတ်ချက်ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်မှာမဟုတ်ဘူး လို့ ပြောဆိုခဲ့ပါတယ်။