ကာဇက်စတန်တွင် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
686
ကာဇက်စတန်နိုင်ငံရဲ့မြို့တော်မှာ ဇူလိုင် ၁၈ ရက်က သေနတ်သမားတွေ ပစ်ခတ်လို့ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦးတို့ သေဆုံးသွားပါတယ်။
သေနတ်သမား ၂ ဦးက တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် သေနတ်သမား ၁ ဦးကိုတော့ ဖမ်းမိထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ကြေညာချက်က ဆိုပါတယ်။ နောက်တဦးကတော့ ထွက်ပြေးလွတ်မြောက်နေပါတယ်။
အစိုးရက အကြမ်းဖက်မှုအန္တရာယ် သတိပေးချက် ထုတ်ပြန်ထားပြီး ဒီပစ်ခတ်မှုတွေကို ဘယ်သူတွေရဲ့လက်ချက် ဖြစ်တယ်ဆိုတာကိုတော့ အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့ ကာဇက်စတန်နိုင်ငံမှာ ပြီးခဲ့တဲ့လတွေအတွင်း ဆန္ဒပြပွဲတွေ၊ တိုက်ခိုက်မှုတွေ ရှားရှားပါးပါး ဖြစ်ပွားလာပြီး အစိုးရ မြေသိမ်းယာသိမ်း ကိစ္စတွေကို လူထုတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုမှာ ရဲ ၃ ဦး သေဆုံးသွားပြီး ရဲ ၂ ဦး ဒဏ်ရာရပါတယ်။
ကားတစီးကို လုယူပြီး ထွက်အပြေးမှာ အရပ်သားတဦးကို သေနတ်သမားတဦးက ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းမိထားတဲ့ သေနတ်သမားတဦးဟာ ပြီးခဲ့လကလည်း အမျိုးသမီးတဦးကို သတ်ဖြတ်မှုနဲ့ အလိုရှိနေသူဖြစ်တယ်လို့ ရဲက ပြောဆိုပါတယ်။
ကာဇက်စတန်နိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုလက်အောက်က ခွဲထွက်ခဲ့တဲ့ အလယ်အာရှနိုင်ငံတွေထဲမှာ ပိုချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ၁၉၈၉ ခုနှစ်ကတည်းက အာဏာရှင်သမ္မတ တဦးတည်းက အုပ်ချုပ်လာတာပါ။