ထောင်သားဦးရေ မြင့်တက်နေသော်လည်း ထောင်အသစ်ထပ်ဆောက်ရန် မရှိဟု ထိုင်းတရားရေးဝန်ကြီး ပြော

ထိုင်းနိုင်ငံတွင်း ထောင်သားဦးရေ အလွန်ကြပ်ညပ် မြင့်တက်နေပေမယ့် ထောင်အသစ်ထပ်ဆောက်ဖို့ အစီအစဉ် မရှိဘူးလို့ တရားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ခလောင် ဖရမ် ဗဟိုထောင်ထဲမှာ ထောင်သား အယောက် ၆၀၀၀ ကျော်ရှိပြီး ၆၄ ရာခိုင်နှုန်းက မူးယစ်ရာဇဝတ်မှုနဲ့ ထောင်ကျတာပါ။
သူတို့ဟာ ထောင်ဒဏ် ၁၅ နှစ်ကနေ တသက်တကျွန်းထိ ထောင်ဒဏ်ကျခံရသူတွေ ဖြစ်ပါတယ်။
၅ ပေ ၁၀ ပေ အလျားအနံရှိတဲ့ အချုပ်ခန်းထဲမှာ ထောင်သား ၅ ဦးအထိ ထည့်ထားရတာပါ။
ဒီထောင်လိုပဲ နိုင်ငံတလွှား တခြားထောင်တွေ အများအပြားမှာလည်း လူတွေ ကြပ်ညပ်နေတယ်လို့ ထောင်မှူး သာဝပ်ချိုင် ချိုင်ဝပ်က ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း ထောင်သားဦးရေ ၃ သိန်း ၂ သောင်းကျော်ပြီး ၇၀ ရာခိုင်နှုန်းက မူးယစ်ဆေးအမှုတွေလို့ အကျင့်စာရိတ္တ ပြန်လည်ပြုပြင်ရေးဌာနက ဇူလိုင်လမှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။
မူးယစ်ဆေးအမှုနဲ့ ထောင်ကျတဲ့ ထောင်သားဦးရေဟာ ကျန်ခဲ့တဲ့ ဆယ်စုနှစ်ကထက် ၂ ဆနီးပါး တိုးလာတာပါ။
ထိုင်းအစိုးရက မူးယစ်ဆေးကို နှိမ်နင်းမယ်လို့ ကြေညာခဲ့တာ ဆယ်နှစ်ကျော်ပါပြီ။
ခုတော့ နှိမ်နင်းမှု မအောင်မြင်ဘူးလို့ ဝန်ခံပြီး ထောင်သားဦးရေ တိုးနေတာကို ထောက်ပြပါတယ်။
ဒါဟာ ကမ္ဘာပေါ်မှာ နိုင်ငံအလိုက် ထောင်သားဦးရေ အများဆုံးတွေထဲက တနိုင်ငံဖြစ်လာတဲ့ သက်သေပါ။
တရားရေးဝန်ကြီး ပိုင်ဘွန် ကွမ်ချယာက မူးယစ်ကုန်ကူးမှုနဲ့ ဆေးစွဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ထိပ်တန်းဦးစားပေးလို့ ပြောပါတယ်။
၂၀၁၅ ကုလသမဂ္ဂ အစီရင်ခံစာအရ နိုင်ငံအတွင်း မက်သာဖက်တာမင်း စိတ်ကြွဆေးသုံးစွဲသူ စံချိန်သစ်တင်ခဲ့ပါတယ်။
အခုတော့ တရားရေးဝန်ကြီးဌာနဟာ မူးယစ်နှိမ်နင်းမှု မူဝါဒနဲ့ ပတ်သက်ပြီး ပြန်လှန်သုံးသပ်ဖို့ ကုလသမဂ္ဂနဲ့ ဆွေးနွေးနေပါတယ်။
ထိုင်းနိုင်ငံဟာ အာဆီယံဒေသတခုလုံးရဲ့ ၄၀ ရာခိုင်နှုန်းသော ထောင်သားဦးရေရှိတဲ့ နိုင်ငံပါ။
ဒါဟာ ဒေသတွင်း လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလည်း ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်နဲ့ ရာဇဝတ်မှုရုံး (UNODC) က ဆိုပါတယ်။
အရှေ့နဲ့ အရှေ့တောင်အာရှ ဒေသအတွင်း ထိုင်းလို ယာဘလို့ ခေါ်တဲ့ မက်သာဖက်တာမင်း စိတ်ကြွဆေး သန်း ၂၅၀ ကျော်ကို ၂၀၁၃ ခုနှစ်မှာ ဖမ်းမိခဲ့ပြီး ဒါဟာ ၂၀၀၈ ဖမ်းမိမှုရဲ့ ၈ ဆ ဖြစ်ပါတယ်။