ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများကို ကယ်သည့်ရုပ်သံ ထွက်ပေါ်

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က သူပုန်တွေ တပ်စွဲထားတဲ့ ရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်အပြီး သွေးအလိမ်းလိမ်းနဲ့ ကလေးတွေကို သယ်လာတဲ့လူတွေကို ရိုက်ကူးထားတဲ့ ရုပ်သံတွေ လူမှုကွန်ရက် အင်တာနက်တွေပေါ်ကို တက်လာပါတယ်။
ဇူလိုင် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေက လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ် လုပ်ခဲ့လို့ အနည်းဆုံး လူ ၂၈ ဦး သေဆုံးတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။
ဒီအဖွဲ့ဟာ ဆီးရီးယားနိုင်ငံတွင်းက အဆက်အသွယ်တွေဆီကနေ သတင်းအချက်အလက်တွေ ရယူစောင့်ကြည့်နေတဲ့ ဗြိတိန်အခြေစိုက်အုပ်စု ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံ ဂါဇီယန်တေ့ပ်မြို့ အခြေစိုက် SMART သတင်းအေဂျင်စီက သူပုန်တွေ ထိန်းချုပ်တဲ့ နယ်မြေထဲမှာ အကြီးတန်းသတင်းထောက် ကွန်ရက်ကို တည်ထောင်ထားပြီး သတင်းပေးပို့နေပါတယ်။
အလက်ပိုမြို့ဟာ ဆီးရီးယား ပြည်တွင်းစစ်အတွင်း အကြီးစားစစ်မြေပြင် ဖြစ်လာခဲ့တာပါ။
သူပုန်တွေ တပ်စွဲထားတဲ့ မြို့အရှေ့ပိုင်းမှာ လူအယောက် ၃ သိန်းလောက် နေပါတယ်။
အလက်ပိုမြို့ဟာ ဆီးရီးယားရဲ့ အကြီးဆုံးမြို့ဖြစ်ပြီး စစ်မဖြစ်ခင်က စီးပွားရေး အချက်အချာမြို့လည်း ဖြစ်ပါတယ်။
ပြည်တွင်းစစ်ဟာ သမ္မတရဲ့ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်း လျော့ကျစေတာပါ။
အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ သူပုန်အုပ်စုတွေနဲ့ ကာဒစ်ရှ် ပြည်သူ့စစ်တွေက နိုင်ငံရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားပါတယ်။
ဒါပေမယ့် သမ္မတ အာဆတ်ရဲ့ မဟာမိတ် ရုရှား၊ အီရန်နဲ့ ဟဇ်ဘိုလာတွေက ကျောထောက်နောက်ခံ ပေးထားလို့ မနှစ်နှောင်းပိုင်းက စပြီး ဆုံးရှုံးထားတဲ့ နယ်မြေတွေထဲက တချို့ကို သမ္မတ အာဆတ်က ပြန်ရခဲ့ပါတယ်။