မန္တလေးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား
ရွှေအောင်
·
September 27, 2011
မန္တလေးမြို့ပေါ်မှာ အခုရက်ပိုင်း ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ တုပ်ကွေးဖြစ်နေသူတွေ ရာနဲ့ချီရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဥတုရာသီ အပြောင်းအလဲ အပါအဝင် အစားအစာနဲ့ သောက်သုံးရေတွေ မသန့်ရှင်းတာကြောင့် အခုလို ရောဂါတွေဖြစ်ပွားနေတာလို့ ဆိုပါတယ်။
မန္တလေးမြို့ခံတဦးက “မန္တလေးမြို့မှာ မြို့လယ်ခေါင်တွေမှာလည်း ဖြစ်ပါတယ်။ ဆေးရုံတွေပေါ်မှာလည်း ဖျားနာဆောင် ၁၊ ၂ တို့မှာ ကုတင်မလောက်လို့ ခုံတန်းလေးတွေမှာ ထားထားရတယ် ဝမ်းရောဂါသမားတွေကို။ ဆေးချိတ်ပေးနေရတယ်။ ဆေးမချိတ်နိုင်တဲ့သူတွေဆို အသက်အန္တရာယ် စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
မန္တလေးဆေးရုံကြီးက လူနာဆောင် ၁ နဲ့ ၂ မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီး ဆေးရုံတက် ကုသနေရတဲ့ လူနာပေါင်း ၂၅၀ လောက် ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းမှာပဲ တုပ်ကွေးဖျားနာသူတွေများနေတဲ့အကြောင်း တခြားမြို့ခံတဦးက ပြောပါတယ်။
“လက်ရှိမှာတော့ တုပ်ကွေး အဖြစ်များနေတယ်။ ဆေးခန်းတိုင်း လူတွေစည်နေတယ်။ ဒီနေ့မန္တလေးက အရမ်းပူတယ်။ သတိလက်လွတ် နေကြရင်းက ဖြစ်တယ်လို့ မြင်တယ်။”
မန္တလေးမြို့ ဗြဟ္မာစိုရ်လူမှုရေးအသင်းကဖွင့်လှစ်ထားတဲ့ အခမဲ့ဆေးခန်းမှာလည်း စနေ၊ တနင်္ဂနွေနေ့တွေမှာ ဖျားနာလူနာ သုံးလေးရာခန့် လာရောက် ကုသနေကြတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အခုလို ရောဂါတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေဘက်က ကျန်းမာရေး အသိပေးနှိုးဆော်တာမျိုး လုပ်တာ မရှိသေးကြောင်းပါ။