Home
ဆောင်းပါး
လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင်ပုဂ္ဂိုလ်များ​ အပိုင်း​ (၉)
DVB
·
September 26, 2011
မြန်မာနိုင်ငံဟာ သဘာဝသယံဇာတအရင်း​အမြစ်​တွေလည်း​ ​ပေါများ​ပြီး​ လူသား​ အရင်း​အမြစ်လည်း​ ကြွယ်ဝပါလျက် ဘာ​ကြောင့်​ တိုး​တက်ဖွံ့​ဖြိုး​မှုမရှိဘဲ ဆုတ်ယုတ် သထက် ဆုတ်ယုတ်​နေရတာလဲဆိုတာကို ရုရှလူမျိုး​ လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင် ပုဂ္ဂိုလ်ကြီး​ ဆက်ခ​ရော့​ဗ်ရဲ့​ သ​ဘောတရား​ထဲမှာ အ​ဖြေရှာ​တွေ့​နိုင်ပါတယ်။ ဆရာကြီး​ ဆက်ခ​ရော့​ဗ်က “ငြိမ်း​ချမ်း​ရေး​၊​ တိုး​တက်ဖွံ့​ဖြိုး​ရေး​နဲ့​ လူ့​အခွင့်​အ​ရေး​ တို့​ဟာ တခုနဲ့​တခု ဆက်စပ်​နေတယ်၊​ လူ့​အခွင့်​အ​ရေး​မရှိရင် ငြိမ်း​ချမ်း​ရေး​နဲ့​ တိုး​တက် ဖွံ့​ဖြိုး​ရေး​ မရှိနိုင်ဘူး​” လို့​ ​ပြောခဲ့​ပါတယ်။ တကယ်လည်း​ မြန်မာနိုင်ငံဟာ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်တဲ့​နေရာမှာ ကမ္ဘာ့​အဆိုး​ဆုံး​နိုင်ငံတခု ဖြစ်​နေခဲ့​၊​ ဖြစ်​နေဆဲ မဟုတ်ပါလား​။ ဒါ​ကြောင့်​ ဆရာကြီး​ ဆက်ခ​ရော့​ဖ်ရဲ့​ ပုံ​သေနည်း​အတိုင်း​ လူ့​အခွင့်​အ​ရေး​ မရှိ​တော့​ ငြိမ်း​ချမ်း​ရေး​လည်း​မရှိ၊​ တိုး​တက်မှုလည်း​မရှိ၊​ ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်​နေရခြင်း​ပါပဲ။ လူ့​အခွင့်​အ​ရေး​ရှိမှ တိုး​တက်ငြိမ်း​ချမ်း​မယ်လို့​ ​ပြောခဲ့​တဲ့​ ဆရာကြီး​ ဆက်ခ​ရော့​ဗ်ကို ၁၉၂၁ ခုနှစ် ​မေလ ၂၁ ရက်မှာ ​မွေး​ပါတယ်။ အ​ဖေက ရူပ​ဗေဒ သင်ကြား​ပေး​တဲ့​ ​ကျောင်း​ဆရာပါ။ ဆက်ခ​ရော့​ဖ်ရဲ့​ အသိုင်း​အဝိုင်း​ဟာ ပညာတတ် အသိုင်း​အဝိုင်း​ ဖြစ်ပါတယ်။ ဒီအသိုင်း​အဝိုင်း​ကပဲ ဆက်ခ​ရော့​ဗ်ကို ထိပ်တန်း​ပညာရှင်တ​ယောက် ဖြစ်​အောင် ပံ့​ပိုး​ပေး​ခဲ့​တာ ဖြစ်ပါတယ်။ ပညာထူး​ချွန်သူ ဖြစ်တဲ့​အတွက် အသက် ၁၇ နှစ် အရွယ်မှာ တက္ကသိုလ်ကို ​ရောက်ပါတယ်။ အသက်၂၆ နှစ်မှာ ပါရဂူဘွဲ့​ ရပါတယ်၊​၊ ဆက်ခ​ရော့​ဗ် ပါရဂူဘွဲ့​ရပြီး​တဲ့​အချိန်ဟာ ဒုတိယကမ္ဘာစစ်ကြီး​ ပြီး​တဲ့​အချိန်ပါ။ ဒုတိယကမ္ဘာစစ်ကြီး​ဟာ အ​မေရိကန်က​နေ ဂျပန်နိုင်ငံရဲ့​ မြို့​ကြီး​ ၂ မြို့​ကို အဏုမြူဗုံး​ ကြဲချလိုက်ပြီး​နောက် ဆုံး​ခန်း​တိုင်သွား​တာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ဒီလို လက်နက်ဆန်း​ကို သုံး​စွဲပြီး​ အနိုင်ယူလိုက်တဲ့​အတွက် ကမ္ဘာ့​နိုင်ငံတိုင်း​မှာ အဏုမြူလက်နက်ကို ပိုင်ဆိုင်လိုတဲ့​ ရည်ရွယ်ချက်​တွေ ရှိလာပါတယ်။ အဏုမြူလက်နက်ကို ပိုင်ဆိုင်မှ ကိုယ့်​နိုင်ငံကို လုံခြုံ​အောင် ထိန်း​သိမ်း​နိုင်မယ်ဆိုတဲ့​ စိုး​ရိမ်မှု​တွေ ဖြစ်ပွား​ခဲ့​ပါတယ်။ ဒီအထဲမှာ ဆက်ခ​ရော့​ဗ်တို့​ရဲ့​ ဆိုဗီယက်ရုရှနိုင်ငံ​တော် ကြီး​လည်း​ ပါဝင်ပါတယ်၊​၊ နောက်တချက်က​တော့​ ဒုတိယကမ္ဘာစစ်ကြီး​ ပြီး​ဆုံး​ပေမယ့်​ ကမ္ဘာကြီး​ဟာ အုပ်စု ၂ စု ကွဲသွား​ခဲ့​ပါတယ်။ လက်ဝဲအုပ်စုနဲ့​ လက်ယာအုပ်စုဆိုပြီး​ ကွဲပြား​သွား​ရာမှာ လက်ဝဲအုပ်စုကို ဆိုဗီယက်က ​ခေါင်း​ဆောင်ပြီး​ လက်ယာအုပ်စုကို အ​မေရိကန်က ​ခေါင်း​ဆောင်ပါတယ်။ ဒီလိုနဲ့​ အုပ်စုကြီး​နှစ်ခု အား​ပြိုင်တဲ့​ စစ်​အေး​ခေတ်ကြီး​ကို ​ရောက်လာခဲ့​တာပါ။ ဒီစစ်​အေး​ခေတ်ကြီး​မှာ အ​မေရိကန်ကို အန်တုနိုင်ဖို့​အတွက် ဆိုဗီယက်ရုရှနိုင်ငံအ​နေနဲ့​ အဏုမြူလက်နက်ကို ပိုင်ဆိုင်နိုင်ဖို့​ အ​ရေး​တကြီး​ လိုအပ်ခဲ့​ပါတယ်။ ဒီလိုနဲ့​ပဲ ရူပ​ဗေဒပညာရှင်ဖြစ်သူ ဆက်ခ​ရော့​ဗ်ဟာလည်း​ ၁၉၄၈ ခုနှစ်အတွင်း​မှာ အဏုမြူလက်နက်ထုတ်လုပ်​ရေး​ စီမံကိန်း​ထဲကို ပါဝင်လာခဲ့​ပါတယ်။ ​နောက်တနှစ်အကြာမှာ​တော့​ ဆိုဗီယက်နိုင်ငံဟာ သူ့​ရဲ့​ ပထမဆုံး​အဏုမြူဗုံး​ကို စမ်း​သပ်​ဖောက်ခွဲ ပြနိုင်ခဲ့​ပါတယ်။ ဒီကတဆင့်​ အဏုမြူဗုံး​ထက် ပိုအား​ကောင်း​တဲ့​ ဟိုက်ဒြိုဂျင်ဗုံး​ကို ပိုင်ဆိုင်ဖို့​အတွက် ကြိုး​စား​ပါတယ်။ ဟိုက်ဒြိုဂျင်ဗုံး​စီမံကိန်း​မှာ​တော့​ ဆက်ခ​ရော့​ဗ်ဟာ အဓိက​ခေါင်း​ဆောင် ဖြစ်လာပါတယ်။ ဆက်ခ​ရော့​ဗ်​ရေး​ဆွဲတဲ့​ ဒီဇိုင်း​ပုံစံနဲ့​ပဲ ၁၉၅၃ ခုနှစ်မှာ ဆိုဗီယက်နိုင်ငံဟာ ဟိုက်ဒြိုဂျင်ဗုံး​ကို ပိုင်ဆိုင်နိုင်ခဲ့​ပြီး​ အင်အား​ကြီး​နိုင်ငံတခုရဲ့​ အဆင့်​ကို တင်း​ပြည့်​ကျပ်ပြည့်​ရောက်ရှိ လာပါတယ်။ ဆက်ခ​ရော့​ဗ်ဟာလည်း​ သူရဲ​ကောင်း​တ​ယောက်လို ဖြစ်လာပြီး​ ဆိုဗီယက်ပြည်သူလူထုကသာမက နိုင်ငံ့​အုပ်ချုပ်​ရေး​ ထိပ်တန်း​ခေါင်း​ဆောင်များ​ကပါ ​လေး​စား​လာကြပါတယ်။ အဲဒီနှစ်ထဲမှာပဲ နိုင်ငံ​တော်ရဲ့​ သုခမိန်အဖွဲ့​အစည်း​ဖြစ်တဲ့​ ဆိုဗီယက်သိပ္ပံ အကယ်ဒမီမှာ အဖွဲ့​ဝင်ဖြစ်လာပြီး​ ဆိုရှယ်လစ်လုပ်သား​သူရဲ​ကောင်း​ ဆုတံဆိပ်ကိုလည်း​ ရရှိပါတယ်။ ဒါ​ပေမယ့်​ ဆက်ခ​ရော့​ဗ်ဟာ သူလုပ်​နေတဲ့​ အလုပ်အ​ပေါ် ဟုတ်မှဟုတ်ပါ​လေစလို့​ သံသယ အမြဲဝင်​နေခဲ့​ပါတယ်။ ဒီလို ကမ္ဘာဖျက်နိုင်တဲ့​ လက်နက်ကြီး​တွေကို တီထွင်ဖန်တီး​တဲ့​အလုပ်ဟာ ကိုယ်ကျင့်​တရား​နဲ့​ ညီမှညီပါ​လေစလို့​ ကိုယ့်​ကိုယ်ကိုယ် ပြန်​မေး​နေခဲ့​ပါတယ်။ ပညာရှင်တ​ယောက်ဟာ နိုင်ငံ​ရေး​သမား​တွေရဲ့​ ခိုင်း​ရာ​စေဘဝမှာ ​နေရမှာမဟုတ်ဘူး​လို့​လည်း​ သ​ဘော​ပေါက်လာပါတယ်။ ဒါ​ကြောင့်​ သူဟာ ၁၉၆ဝ ပြည့်​လွန်နှစ်များ​အတွင်း​ကို ​ရောက်​တော့​ နျူး​ကလီး​ယား​လက်နက် မပြန့်​ပွား​ရေး​အတွက် လှုပ်ရှား​ဆောင်ရွက်လာပါတယ်။ နျူး​ကလီယား​လက်နက်ဟာ ကမ္ဘာ့​ငြိမ်း​ချမ်း​ရေး​ကို ခြိမ်း​ခြောက်​နေတဲ့​ အဓိကလက်နက် ဖြစ်တယ်ဆိုတဲ့​ အယူအဆနဲ့​ ​ရေး​သား​ထား​တဲ့​ စာတမ်း​တ​စောင်ကို နိုင်ငံပြင်ပမှာ ၁၉၆၈ ခုနှစ်အတွင်း​ ထုတ်​ဝေလိုက်ပါတယ်။ ဒီစာတမ်း​မှာ နိုင်ငံအချင်း​ချင်း​ ရန်မ​စောင်ကြဘဲ လူ့​လောကကြီး​ ငြိမ်း​ချမ်း​တိုး​တက်​အောင် ပူး​ပေါင်း​ လုပ်​ဆောင်ဖို့​လည်း​ တိုက်တွန်း​ခဲ့​ပါတယ်။ စစ်​အေး​ခေတ်အတွင်း​ အုပ်စုဖွဲ့​ပြီး​ ကမ္ဘာကိုကြီး​စိုး​ဖို့​ အိပ်မက်မက်​နေကြတဲ့​ နိုင်ငံ​ရေး​သမား​များ​အတွက် ဆက်ခ​ရော့​ဗ်ရဲ့​စာတမ်း​ဟာ အလွန်ကြီး​မား​တဲ့​ အန္တရာယ် တခု ဖြစ်ပါတယ်။ ဒါ​ကြောင့်​ ဒီအချိန်ကစပြီး​ ဆက်ခ​ရော့​ဗ်ကို ဆိုဗီယက် ​ခေါင်း​ဆောင်များ​က အ​ရေး​ကြီး​တဲ့​နေရာက​နေ ဖယ်ရှား​လိုက်ပါတယ်။ စစ်လက်နက် ထုတ်လုပ်​ရေး​နဲ့​ မဆိုင်တဲ့​ ​နေရာကို ​ပြောင်း​ရွှေ့​ပစ်လိုက်ပါတယ်။ သိပ္ပံပညာရှင်ကြီး​ ဆက်ခ​ရော့​ဗ်ဟာလည်း​ စစ်လက်နက်ဖန်တီး​သူ အဖြစ်က​နေ ကမ္ဘာ့​ငြိမ်း​ချမ်း​ရေး​ကို ထိန်း​သိမ်း​သူအဖြစ်ကို ကူး​ပြောင်း​သွား​ပါတယ်၊​၊​ အစပိုင်း​မှာ ​ပြောခဲ့​တဲ့​အတိုင်း​ပဲ ဆက်ခ​ရော့​ဖ်က ငြိမ်း​ချမ်း​ရေး​ဆိုတာဟာ လူ့​အခွင့်​အ ​ရေး​နဲ့​ ဒွန်တွဲ​နေတယ်လို့​ သိမြင်​နေပါတယ်။ ဒါ​ကြောင့်​ ၁၉ရဝ ပြည့်​နှစ်မှာ ​မော်စကို လူ့​အခွင့်​အ​ရေး​ကော်မတီကို ဖွဲ့​စည်း​တော့​ သူဟာလည်း​ အဖွဲ့​ဝင်အဖြစ် ဦး​ဆောင်ပါဝင်လာခဲ့​ပါတယ်။ ဒီအချိန်ကစပြီး​ လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင်သူ ဆက်ခ​ရော့​ဗ်နဲ့​ ကွန်မြူနစ်​ခေါင်း​ဆောင်များ​ ထိပ်တိုက် ​တွေ့​လာပါ​တော့​တယ်။ တချိန်တုန်း​က ဆက်ခ​ရော့​ဗ်ကို နိုင်ငံ​တော်သူရဲ​ကောင်း​အဖြစ် ချီး​မြှောက်ခဲ့​သူ​တွေဟာ အခု​တော့​ သူ့​ကို နိုင်ငံ​တော်သစ္စာ​ဖောက်အဖြစ် စွပ်စွဲ​ရေး​သား​လာကြပါတယ်။ ဒါ​ပေမယ့်​ ဆက်ခ​ရော့​ဗ်က​တော့​ ဒီလို တိုက်ခိုက်မှု​တွေကို ကြံ့​ကြံ့​ခံရင်း​ ဆိုဗီယက်ပြည်သူလူထုရဲ့​ လူ့​အခွင့်​အ​ရေး​အတွက် ရဲရဲဝံ့​ဝံ့​ တိုက်ပွဲဝင်ခဲ့​ပါတယ်။ ကွန်မြူနစ်အုပ်ချုပ်​ရေး​အောက်မှာ အခွင့်​အ​ရေး​ဆုံး​ရှုံး​နေသူများ​ဘက်က လိုက်ပါ​ဆောင်ရွက်​ပေး​ခဲ့​ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ဆက်ခ​ရော့​ဗ်ကို ငြိမ်း​ချမ်း​ရေး​နိုဘယ်လ်ဆု ချီး​မြှင့်​ပါတယ်။ နိုင်ငံအချင်း​ချင်း​ ပူး​ပေါင်း​ဆောင်ရွက်မှု အဓွန့်​ရှည်​ရေး​အတွက် တခုတည်း​သော ငြိမ်း​ချမ်း​ရေး​အ​ခြေခံအုတ်မြစ်ကို လူ့​အခွင့်​အ​ရေး​ကသာလျှင် ဖန်တီး​ပေး​နိုင်တယ် ဆိုတဲ့​ အသိအမြင်ကို အ​လေး​အနက်ထား​တဲ့​အတွက်လည်း​ကောင်း​၊​ တပါတီအာဏာရှင်အစိုး​ရရဲ့​ အာဏာအလွဲသုံး​စား​လုပ်မှုနဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုများ​ကို ရဲရဲရင့်​ရင့်​ ​ဝေဖန်ဆန့်​ကျင်ခဲ့​တဲ့​အတွက်လည်း​ကောင်း​ ဆက်ခ​ရော့​ဗ်ကို ငြိမ်း​ချမ်း​ရေး​နိုဘယ်လ်ဆု ချီး​မြှင့်​လိုက်​ကြောင်း​ ဆု​ရွေး​ချယ်​ရွေး​အဖွဲ့​က ထုတ်ပြန်​ကြေညာခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ဆိုဗီယက်​ခေါင်း​ဆောင်များ​က ဆက်ခ​ရော့​ဗ်ကို ​နော်​ဝေမှာ ကျင်း​ပတဲ့​ နိုဘယ်လ်ဆုချီး​မြှင့်​ပွဲကို တက်​ရောက်ခွင့်​မ​ပေး​ခဲ့​ပါဘူး​။ အဲဒီအချိန်မှာ နိုင်ငံခြား​ရောက်​နေတဲ့​ ဆက်ခ​ရော့​ဗ်ရဲ့​ ဇနီး​သည်ကပဲ သူ့​ကိုယ်စား​ ဆုယူခဲ့​ပါတယ်။ ဆုချီး​မြှင့်​နေတဲ့​အချိန်မှာ ဆက်ခ​ရော့​ဗ်ဟာ တရား​ရုံး​တခုကို ​ရောက်​နေပါတယ်။ လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူတ​ယောက်ရဲ့​ အမှုမှာ သက်​သေလိုက်ဖို့​ သူ​ရောက်​နေခဲ့​ခြင်း​ ဖြစ်ပါတယ်၊​၊ ၁၉၇၉ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို ဆိုဗီယက်တပ်​တွေ ဝင်​ရောက်ကျူး​ကျော်ပါတယ်။ ဒါကို ဆက်ခ​ရော့​ဗ်က တရား​ဝင် ကန့်​ကွက်လိုက်တဲ့​ အခါ အစိုး​ရက နယ်နှင်ဒဏ်​ပေး​ပါတယ်။ တကယ်​တော့​ ဆက်ခ​ရော့​ဗ်ကို အစိုး​ရက ထိန်း​ချုပ်ချင်​နေတာ ကြာပါပြီ။ ကမ္ဘာကြီး​နဲ့​ရော တိုင်း​သူပြည်သား​တွေနဲ့​ပါ ​ဝေး​တဲ့​နေရာကို ပို့​ပစ်ချင်တာ ကြာပါပြီ။ ဒီလိုနဲ့​ ဆက်ခ​ရော့​ဗ်ဟာ ​မော်စကိုနဲ့​ အလှမ်း​ကွာ​ဝေး​တဲ့​ ​ဂေါ်ကီမြို့​မှာ အကျယ်ချုပ်နဲ့​ ၇ နှစ်​လောက် ​နေထိုင်ခဲ့​ရပါတယ်။ ၁၉၈၅ ခုနှစ်မှာ ဆိုဗီယက်​ခေါင်း​ဆောင်များ​အတွင်း​ အလှည့်​အ​ပြောင်း​ ဖြစ်ခဲ့​ပါတယ်။ ပြုပြင်​ပြောင်း​လဲ​ရေး​သမား​ ဂိုဘာ​ချော့​က ပါတီရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဖြစ်လာပါတယ်။ ဂိုဘာ​ချော့​ရဲ့​ အကူအညီနဲ့​ ဆက်ခ​ရော့​ဗ်ဟာ နယ်နှင်ဒဏ်ဘဝက လွတ်​မြောက်ပြီး​ ​မော်စကိုကို ၁၉၈၆ ခုနှစ်ကုန်ပိုင်း​မှာ ပြန်​ရောက်လာပါတယ်။ ဆက်ခ​ရော့​ဗ်ဟာ ​မော်စကိုကို ပြန်​ရောက်တာနဲ့​ ပညာတတ် ပညာရှင်​တွေ ပါဝင်တဲ့​ နိုင်ငံ​ရေး​အဖွဲ့​အစည်း​များ​ကို တည်​ထောင်ဖွဲ့​စည်း​ရင်း​ ဂိုဘာ​ချော့​ရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ထက် ပိုပြီး​အ​ခြေခံကျတဲ့​ နိုင်ငံ​ရေး​ပြုပြင် ​ပြောင်း​လဲ​ရေး​များ​အတွက် ဆက်လက်လှုပ်ရှား​ပါတယ်။ ၁၉၈၉ ခုနှစ်​ရောက်​တော့​ ဆက်ခ​ရော့​ဗ်ဟာ ဆိုဗီယက်ပြည်​ထောင်စုရဲ့​ လွှတ်​တော်အသစ်မှာ ကိုယ်စား​လှယ်အဖြစ် အ​ရွေး​ချယ်ခံရပါတယ်။ သူက လွှတ်​တော်မှာ အတိုက်အခံသမား​အဖြစ် ရပ်တည်ရင်း​ တပါတီအာဏာရှင်စနစ်ကို အလျင်အမြန် ဖျက်သိမ်း​ပြီး​ အ​ခြေခံ ဥပ​ဒေသစ်ကို ​ရေး​ဆွဲဖို့​ တိုက်တွန်း​ပါတယ်၊​၊​ ဒီလို ဆိုဗီယက်ပြည်သူများ​ရဲ့​ လွတ်လပ်​ရေး​ တိုး​တက်​ရေး​အတွက် အလွန်အာဏာပြင်း​တဲ့​ ကွန်မြူနစ်ပါတီကို ရင်ဆိုင်​နေဆဲအချိန်မှာပဲ ဆက်ခ​ရော့​ဗ်ဟာ နှလုံး​ရောဂါနဲ့​ ရုတ်တရက် ​သေဆုံး​သွား​ပါတယ်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်​နေ့​မှာ လွှတ်​တော်အတွင်း​ ​ဆွေး​နွေး​ငြင်း​ခုန်အပြီး​ ​သေဆုံး​သွား​ခဲ့​ခြင်း​ဖြစ်ပါတယ်။ ဆရာကြီး​ဆက်ခ​ရော့​ဗ် ကွယ်လွန်သွား​ပေမယ့်​ ဆိုဗီယက်ရုရှပြည်သူလူထုဟာ သူဦး​ဆောင်ခဲ့​တဲ့​ လမ်း​အတိုင်း​ ဆက်လက်ချီတက်ခဲ့​ပါတယ်။ ဒီလိုနဲ့​ ၁၉၉ဝ ပြည့်​လွန်နှစ်များ​ အ​စောပိုင်း​မှာ လူထုဆန္ဒပြပွဲများ​ ​ပေါ်​ပေါက်လာခဲ့​ပြီး​ နှစ်​ပေါင်း​များ​စွာ အုပ်စိုး​လာခဲ့​တဲ့​ တပါတီအာဏာရှင်စနစ်ဟာ ပြုတ်ကျသွား​ခဲ့​ပါတယ်၊​၊ ဆရာကြီး​ဆက်ခ​ရော့​ဗ်​ပြောခဲ့​တဲ့​ စကား​တခွန်း​ကို ​ဝေငှချင်ပါတယ်။ “အ​တွေး​အ​ခေါ် လွတ်လပ်မှုဟာ အများ​ပြည်သူကို ဝါဒမှိုင်း​မိတဲ့​ရောဂါ မဖြစ်​အောင် ကာကွယ်​ပေး​တဲ့​ တခုတည်း​သော မဟာဩသဓ​ဆေး​ကြီး​ ဖြစ်ပါတယ်။ ဝါဒမှိုင်း​မိတဲ့​ ​ရောဂါဟာ မသူ​တော်​တွေရဲ့​ လက်ထဲမှာဆိုရင် အာဏာရှင်​ရောဂါဆိုး​ကြီး​အဖြစ်ကို ​ပြောင်း​လဲသွား​နိုင်ပါတယ်” တဲ့​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024