ပြန်လည်ခုခံသည့် မူးယစ်မှောင်ခိုသမားကို ရဲက ပစ်ခတ်ဖမ်းဆီးစဉ် သေနတ်ထိမှန်သေဆုံး

975
ထိုင်းနိုင်ငံ၊ ချိုင်ဆန်ခရိုင်ထဲမှာ ဒီကနေ့မနက် အစောပိုင်းက ရဲတွေဟာ မူးယစ်ဆေး မှောင်ခိုသမား လူငယ်တဦးရဲ့ ကားနောက်ကို လိုက်လံဖမ်းဆီးချိန်မှာ အဲဒီလူငယ်က ပြန်ပြီး ခုခံတိုက်ခိုက်ခဲ့လို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသွားခဲ့ပါတယ်။
သူ့ရဲ့ကားထဲမှာ မက်သဖက်တမင်းဆေးပြား ၆ သိန်းကို တွေ့ရှိခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။
ချိုင်ဆန်ခရိုင် တာဝန်ကျ ရဲအရာရှိ ဘွန်ချူဝေ ခန်သ၀မ်က ဒါဟာ ဒွန်မန်ဒေသ မယ်ခမ်တိုင်နဲ့ နွမ်ပလာ ဆဒက်ရွာကြား လမ်းမပေါ်မှာ ညသန်းခေါင်အချိန် ဖြစ်ခဲ့တာလို့ ပြောပါတယ်။
အဆိုပါလူငယ်ဟာ ချင်းရိုင်ခရိုင်တွင်း မှတ်ပုံတင်နံပါတ်ပြား တပ်ဆင်ထားတဲ့ အ၀ါရောင် ဟွန်ဒိုင်းကားကို မောင်းနှင်လာပြီး စစ်ဆေးရေးဂိတ်အရောက် စစ်ဆေးဖို့ ရပ်တန့်ခိုင်းချိန်မှာ မရပ်တန့်ဘဲ မောင်းပြေးသွားခဲ့တာပါ။
ဒါပေမယ့် လမ်းမပေါ်မှာ ကားက လမ်းချော်ပြီး ခေတ္တရပ်တန့်လိုက်ရချိန် နောက်ကလိုက်လာတဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ဆုံပြီး ပြန်လည်ခုခံတိုက်ခိုက်ခဲ့လို့ အပြန်အလှန် တိုက်ခိုက်ခဲ့ရာက သေနတ်ထိမှန် သေဆုံးခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
သေဆုံးသူဟာ ချင်းရိုင်ခရိုင်၊ မယ်ဖလောင်ဒေသတွင်း နေထိုင်သူ အသက် ၂၁ နှစ်အရွယ် တာရာအေ နီကူး အမည်ရ လူငယ်ဖြစ်တယ်လို့ နောက်ပိုင်းမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ကားပေါ်မှာတော့ အိတ် ၆ အိတ်နဲ့ ထည့်သယ်လာတဲ့ မက်သဖက်တမင်း ဆေးပြား ၆ သိန်းကို တွေ့ရှိခဲ့ရပြီး ရဲတွေက ဒါဟာ နယ်စပ်မြို့တမြို့ဖြစ်တဲ့ မယ်ဆိုင်ကနေ သယ်လာတာဖြစ်မယ်လို့ ဆိုပါတယ်။