မူလ ခေါင်မိုးကြီးနဲ့ ဒီဇိုင်းမှာတုန်းက ဘယ်ပုဂ္ဂိုလ်က ဗိုလ်ချုပ်၊ ဘယ်အုတ်ဂူက ရဲဘော်ကိုထွေး၊ အားလုံးကသိသာတယ် – ဦးဆန်းဦး (ဗိသုကာပညာရှင်)

မကြာခင်ကျရောက်တော့မယ့် အာဇာနည်နေ့ဟာ ခေါင်းဆောင်ကြီးတွေ အသက်ပေးခဲ့တဲ့ ၆၉ နှစ်မြောက်နေ့ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်သူလူထု တွေ့မြင်နေရတဲ့ အာဇာနည်ဗိမာန်ဟာ ၁၉၈၇ ခုနှစ်မှာ ဗုံးခွဲခံရပြီး နောက်ပိုင်းကျမှ ပြန်ဆောက်ခဲ့တဲ့ အာဇာနည်ဗိမာန် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအာဇာနည်ဗိမာန်ဟာ မူလရေးဆွဲခဲ့တဲ့ ဒီဇိုင်းအတိုင်း မဟုတ်ဘူးဆိုတာကို ကျနော်တို့ ပွင့်လင်းလာတဲ့ခေတ်ကျမှ ပြည်သူတွေ သိခွင့်ရပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ မူလ အာဇာနည်ဗိမာန်ဒီဇိုင်းကို ရေးဆွဲခဲ့တဲ့ ဗိသုကာပညာရှင် ဦးဆန်းဦးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ၁၉၈၂ မှာ အာဇာနည်ဗိမာန်ဒီဇိုင်းကို အစိုးရကနေပြီးတော့ ခေါ်တယ်။ ခေါ်တဲ့အခါကျတော့ ဆရာတို့ စက်မှုတက္ကသိုလ်ကနေပြီးတော့ ဆရာဦးဆောင်တဲ့အဖွဲ့ ဒီဇိုင်းက ရွေးချယ်ခံရတယ်ပေါ့။ အဲဒီတော့ ပထမဆုံးအနေနဲ့ အဲဒီလိုမျိုးဖြစ်တဲ့ အခြေအနေလေးကို ပဏာမအနေနဲ့ နည်းနည်းလေး ရှင်းပြပေးပါဦး။ ဖြေ - အာဇာနည်ဗိမာန်က တကယ်ကျတော့ ဆိုရှယ်လစ်ခေတ်မှာ တော်တော်လေးကြီးတဲ့ ပရောဂျက်ကြီးပေါ့နော်။ နိုင်ငံတော်အာဏာပိုင် စီမံကိန်းဆိုတာ ရှိပါတယ်။ လွှတ်တော်ကြီး၊ သမ္မတအိမ်တော်၊ ပြည်သူ့ရင်ပြင်ကြီးတွေ၊ အဲဒီပရောဂျက်ထဲမှာ သူကလည်း တစိတ်တပိုင်း တခုအနေနဲ့ ပါခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ သူတို့တွေက ၁၉၈၂ မှာ အချိန်ကျပြီဆိုတော့ ဒါ နိုင်ငံတော်အတွက်ကို ဗိမာန်တခု အသစ်ဆောက်မယ် ဆိုပြီးတော့ Close Competition ခေါ်တာပေါ့၊ ဖိတ်ခေါ်ပြိုင်ပွဲတခုကို လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျနော်က ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာဌာနမှာ စာပြနေတယ်ဆိုတော့ ဒီ စက်မှုတက္ကသိုလ်ရဲ့ ကိုယ်စား ၀င်ပြီးတော့ တင်သွင်းခဲ့ရပါတယ်။ အားလုံး ၆ ဖွဲ့ရှိပါတယ်။ ၆ ဖွဲ့ထဲကမှ ကျနော်တို့ စက်မှုတက္ကသိုလ် ကိုယ်စားပြုအဖွဲ့က အရွေးခံရတာပါ။ အဲတော့ အဲဒီတုန်းကပုံကတော့ အခုပုံ မဟုတ်ပါဘူး။ အဲဒီတုန်းကတော့ ဗုံးတွေဘာတွေလည်း မပေါက်သေးဘူး။ ခေါင်မိုးပါပြီးတော့ ခမ်းခမ်းနားနားနဲ့ပုံ ဖြစ်ပါတယ်။ မူလ အုတ်ဂူတွေပေါ်မှာ ဒီလို Structure အကြီးကြီးနဲ့ လုပ်ပြီးတော့ ရှိတဲ့ပုံပါ။ မေး - ၈၃ မှာ ဗုံးခွဲခံရတယ်။ ဒါပေမယ့် ၈၂ မှာ ဒါကို အဲဒီလိုလုပ်မယ်ဆိုပြီးတော့ ခေါ်တယ်ပေါ့။ ဒီအခြေအနေလေးက နိမိတ်ပြသလိုများ ဖြစ်နေမလားလို့။ ဒီအခြေအနေလေးကို ဆရာရှင်းပြပါဦး။ ဖြေ - ၈၃ ဗုံးမခွဲခင်မှာကိုက ဒီလိုဆောက်ဖို့ပေါ့။ ကျနော်တို့ ပုံတွေစပြီးတော့ ဆွဲနေတာပေါ့။ ပုံစဆွဲလို့ အကြမ်းပဲရှိသေးတယ် ဗုံးပေါက်သွားတယ်။ ဗုံးပေါက်သွားတဲ့အချိန်မှာ သူတို့က ကျနော်တို့ကို ချက်ချင်းပဲခေါ်ပါတယ်။ ပြန်ပြီးတော့ နောက်ထပ်ပြိုင်ပွဲအသစ် မလုပ်တော့ဘူး။ ခေါင်မိုးကြီးကို ဖြုတ်ပြီးတော့ ဒီတိုင်းဆောက်မယ်။ ဘာလို့လဲဆိုတော့ အမြန်လည်းလိုတာကိုး။ ခေါင်မိုးကြီးကိုဖြုတ်ပြီး ဒီတိုင်းဆောက်မယ်ဆိုတော့ ကျနော်တို့က ဒီတိုင်းဆိုရင်တော့ တော်တော့်ကို မသင့်တော်ဘူး။ ဘာလို့လဲဆိုတော့ ခေါင်မိုးပါအောင်လုပ်ထားတဲ့ ဒီဇိုင်းကြီး၊ ခေါင်မိုးမပါတော့ ဒီတိုင်း ကွင်းကြီးခေါင်ခေါင်မှာ ဖြစ်နေမယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က ခေါင်မိုးမပါသော သူတို့လိုချင်တဲ့ဆန္ဒလည်း ပြည့်အောင်ဆိုပြီး ကျနော်တို့မှာ သက်သက် အပင်ပန်းခံပြီး ဒီလိုပုံလေးကိုပေါ့နော် အဆိုပြုတာပါ။ အဆိုပြုတဲ့အခါမှာ ကက်ဘိနက်ကပဲ သိပ်ပြီးတော့ ဘာမှထူးထူးခြားခြား မပြောဘဲနဲ့ အတည်ပြုပေးခဲ့ပါတယ်။ မေး - နောက်တချက် အမှောင်ခေတ်မှာတုန်းကဆိုရင်လည်း ကျနော်တို့ အခုမြင်တွေ့နေရတဲ့ အာဇာနည်ဗိမာန်ဒီဇိုင်းက သူနဲ့ပတ်သက်ပြီး အခုချိန်ထိ မသိကြဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ ပွင့်လင်းလာတဲ့ခေတ်၊ ပြောရရင်တော့ ၂၀၁၂ မှာ ဆရာတို့ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါကျမှ ဒါ မူလဒီဇိုင်းနဲ့ မဟုတ်ပါလားဆိုပြီး ပြည်သူတွေက သိခွင့်ရတာပေါ့။ အဲတော့ ဆရာတို့ဆွဲခဲ့တဲ့ဒီဇိုင်း အဲဒီမှာ တချို့ပြင်ဆင်တာတွေရှိတယ်၊ ဖြုတ်တာတွေရှိတယ်လို့ ကျနော်တို့ ကြားရပါတယ်။ အဲဒီအခြေအနေလေးကိုလည်း ပြောပြပါဦး။ ဖြေ - ခုန ကျနော်ပြောတဲ့အတိုင်းပဲပေါ့နော်။ ခေါင်မိုးမပါဘူးဆိုရင် ကျနော်တို့က Interior Space မပါတဲ့ အဆောက်အဦပေါ့။ Monument တွေက Interior Space မပါလည်းရတယ်။ Exterior ကိုပဲ ဟာလာဟင်းလင်းခွင်ထဲမှာ သူ့ဟာသူ ခန့်ညားအောင် အထိမ်းအမှတ်ဖြစ်အောင်လုပ်တဲ့ ဒီဇိုင်းမျိုးကို ကျနော်တို့က ဦးတည်သွားတာပေါ့။ ခုနပြောတဲ့အတိုင်းဆိုရင်တော့ ကျနော်တို့ မူလလုပ်ထားတဲ့ ကွန်းဆက်လို့ခေါ်တဲ့ ပုံစံကြမ်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကတော့ တည်ဆောက်ဖြစ်ပါတယ်။ အကြမ်းအားဖြင့် ၂၀ နီးပါးလောက်ကတော့ အကြောင်းကြောင်းကြောင့် ကျန်နေတာပေါ့။ အကြောင်းကြောင်းကြောင့်ဆိုတဲ့ ဟာထဲမှာတော့ နှစ်ခုရှိပါတယ်။ ပထမတခုကတော့ ရာဇ၀င်ထဲမှာ ပျောက်နေတဲ့ ဒီဇိုင်းမထုတ်ခင်ကတည်းကနေ ညွှန်ကြားတဲ့ ညွှန်ကြားချက်။ ဒါ အကြောင်းကြောင်းကြောင့်ထဲမှာ အကြီးကြီးတကြောင်း၊ ဒုတိယတခုကတော့ အဲဒီညွှန်ကြားချက်အရ ပုံစံထုတ်ပြီးမှ လုပ်တဲ့နေရာမှာ ကျန်ခဲ့တာတွေ၊ အလွဲအပြောင်းလေးတွေပေါ့။ ဒါကတော့ သူ့ဆီမှာ အကြောင်းပြချက် ရှိပါတယ်။ ငွေမတတ်နိုင်လို့၊ အချိန်က အရမ်းမြန်နေလို့၊ ဆောက်ရမှာခက်လို့၊ စသည်ဖြင့်ပေါ့နော်။ တကယ် ကျနော်တို့ မှန်းထားတာရဲ့ ၈၀ ရာခိုင်နှုန်းကတော့ အဲဒီတုန်းက အောင်မြင်အောင် ဆောက်ခဲ့ပါတယ်။ မေး - ခုန ဆရာပြောတဲ့ထဲမှာ ငွေမတတ်နိုင်လို့ဆိုတဲ့ဟာ ဒါ နိုင်ငံတော်အဆင့် လုပ်တာပဲ။ ပြည်သူတွေက အဲဒီအချိန်တုန်းက ငါတို့အာဇာနည်ဗိမာန်ပဲ၊ တယောက်တကျပ်ထည့်ကြပါဆိုရင် အဲဒီတုန်းက ၃၅ သန်း ၃၇ သန်း အဲလောက်ရမှာပဲ။ သူတို့ပေးတဲ့ ဆင်ခြေက လုံလောက်တဲ့ဆင်ခြေ ဖြစ်ပါ့မလား။ ဖြေ - ငွေမတတ်နိုင်ဘူး ဆိုတာကတော့ အချက်သုံးလေးချက်မှာ တွေ့ရတယ်ပေါ့နော်။ ဥပမာ ကျနော်တို့က နောက်ဆုံး မီးထွန်းမယ့်ဟာတွေက ဓာတ်ကြိုးကြီးတွေက ကောင်းကင်ကနေ လာတယ်။ ကောင်းကင်ကလာတော့ Exterior ဒီဇိုင်းမှာတော့ ကောင်းကင်က ကြိုးကြီးတွေနဲ့တော့ မဖြစ်နိုင်ဘူး။ မြေအောက်ကိုသွားပါဆိုတဲ့အချိန်မှာ အဲဒီအချိန်တုန်းက မြေအောက်ကြိုးက တပေတပေကို ဒေါ်လာနဲ့ ပေးဝယ်ရတာ။ ကျနော်တို့ကတော့ အသေအချာ နားလည်အောင် ပြောရတာပေါ့။ ဘာပဲပြောပြော ငွေကြေးကလည်း အဲဒီတုန်းက ကျနော်တို့နိုင်ငံက မချမ်းသာတော့ ငွေကြေးအရ စဉ်းစားရတာလည်း အများကြီးရှိပါတယ်။ အဲဒီထဲမှာ ဥပမာဆိုရရင် ကျနော်တို့က အခင်းတွေခင်းမယ့် ကျောက်သားတွေ၊ ထရံကြီးကလည်း ကျောက်သားနဲ့လုပ်ချင်တာ။ အနီရောင် Marble ကြီးတွေ၊ Granite တွေနဲ့ လုပ်ချင်တာ။ အဲဒါကတော့ အဝေးကြီးပဲ။ နိုင်ငံခြားကနေ ဘယ်လိုမှ မသွင်းပေးနိုင်ဘူး။ ဒါကြောင့် နောက်ဆုံး ဆေးသုတ်ရတဲ့ အဆင့်မျိုးပေါ့။ ဒါတွေကတော့ ငွေကြေးကြောင့်ပေါ့နော်။ ဖြစ်ခဲ့တဲ့ကိစ္စတွေပါ။ မေး - မဆွဲခင်ကပြောတဲ့ ပထမအချက်ကကော ဆရာ။ ဖြေ - အဲဒါကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပထမ ခေါင်မိုးကြီးနဲ့ ဒီဇိုင်းတုန်းက အထဲမှာ ဂူတွေ ဒီအတိုင်းရှိတယ်။ ပြိုင်ပွဲမှာ ကျနော်တို့ အရွေးခံရတာလည်း ကျနော်တို့က ဂူတွေမရွှေ့ဘဲနဲ့ ခက်ခက်ခဲခဲ ရှုပ်ထွေးတဲ့ Planning လုပ်ရတာခက်တဲ့ ချောက်ကြီးနဲ့ ဘေးကလမ်းနဲ့ ခံနေတဲ့နေရာထဲမှာ ရအောင်လုပ်တော့ သူတို့ကကြိုက်တယ်။ ဗမာအယူအရ ဂူဆိုတာ ခဏခဏရွှေ့လို့ မကောင်းဘူး။ ဆိုတော့ ဒီနေရာက သူ့ Sentimental ရှိနေပြီ။ ဗိုလ်ချုပ်တို့ ဒီမှာမြှုပ်ထားတယ်။ အဲဒီအပေါ်မှာပဲ လုပ်မယ်ဆိုတဲ့အချိန်မှာ မူလ ခေါင်မိုးကြီးနဲ့ ဒီဇိုင်းမှာတုန်းက ဘယ်ပုဂ္ဂိုလ်က ဗိုလ်ချုပ်၊ ဘယ်အုတ်ဂူက ရဲဘော်ကိုထွေး အားလုံးကသိသာတယ်။ အရင်တုန်းက လာကန်တော့တယ်။ လာကန်တော့ရင် အုတ်ဂူရှေ့မှာ ထိုင်ကန်တော့ရင် ရည်စူးလို့ရတယ်။ ဒါပေမယ့် နောင် ကျနော်တို့ ဒီဇိုင်းလုပ်ပေးတဲ့အချိန်မှာ ညွှန်ကြားတယ်။ ကျနော်က အဲလိုလုပ်ဖို့ပေါ့နော် ပြတဲ့အချိန်မှာ အဲဒါမျိုးတွေကို မထည့်ပေးပါနဲ့တော့။ ကြားရတဲ့အချိန်မှာ တော်တော်ထူးဆန်းတယ်ပေါ့နော်။ စိတ်လည်းမကောင်းဘူး။ မေး - နောက်တခုက ဒီ ဒီဇိုင်းမှာပေါ့နော် ပြည်သူကြားထဲမှာလည်း ဒါစိတ်ဝင်စားစရာ။ ကြယ်က ဒီဇိုင်းမှာ အောက်ကို ကြွေနေတာပေါ့နော်။ သူတို့က ပိတ်ပေးရတာမျိုးတို့၊ အပေါက်ဆိုရင် ထားလို့မရတာမျိုးတို့ထိ ရှိနေတယ်လို့ ကျနော်တို့ကြားရပါတယ်။ အဲဒါလေးရှင်းပြပါဦး။ ဖြေ - အဲဒီကြယ်ပိတ်တာကတော့ အပေါက်မို့လို့ ဗုံးထားမှာစိုးလို့ မဟုတ်ပါဘူး။ စပြီးတော့ အတည်ပြုကတည်းက သူတို့က လက်ခံပြီးသားပါ။ ကျနော်ထင်တယ် အဲဒါကတော့ တနှစ်အတွင်းမှာ အသည်းအသန်လုပ်ရတော့ ဆောက်တဲ့အချိန်မှာ ဖွင့်မယ့်အချိန်နဲ့ အရမ်းနီးတယ်။ နီးတော့ တနေ့ဖောက်ချင် ဖောက်မယ်ပေါ့။ အခုတော့ မြန်မြန်အမီလုပ်ရမယ်ဆိုတဲ့၊ ဘာလို့လဲဆိုတော့ တနှစ်တည်းမှာ တနှစ်တောင်မပြည့်ဘူး။ ဒါကြီးကို ဆောက်ရတာ။ အဲတော့ ဖောက်နေမယ့် အချိန်မရှိဘူး။ ရိုးရိုးပဲ ကြယ်လုပ်ပြီးတော့ ဆေးသုတ်ထားခဲ့မယ်ဆိုတဲ့ဟာမျိုး ဖြစ်ဖို့များပါတယ်။ မေး - အဲတော့ဆရာ ဆရာတို့ နောက်ဆွဲပေးခဲ့တဲ့ ဒီဇိုင်းပေါ့နော်။ အဲဒီအပေါ်မှာ ဆရာတို့ ဘယ်လိုပုံရိပ်မျိုး ဘယ်လိုဝိညာဉ်မျိုး ထည့်ပြီးတော့ စဉ်းစားခဲ့တာလဲဆရာ။ ဖြေ - ဒီအဆောက်အဦ ဒီဗိမာန်ကြီးဟာ ၀ိညာဉ်မဲ့နေသလို ကျနော်တို့က ခံစားရတယ်။ လူတွေလာတယ်ဆိုရင်လည်း တဆင့်စကား တဆင့်နားနဲ့သာ ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေ ဒီမှာရှိတယ်ဆိုတာပဲ ရှိတယ်။ သူတို့ကို ဖော်ညွှန်းသော သင်္ကေတနဲ့ဟာ ဘာမှမရှိဘူး။ အခု ကျနော်တို့ပေးထားတယ်ဆိုတာ အရမ်းကို Abstract ပေါ့။ ဘယ်လိုခေါ်မလဲ သိပ်ရိုးရှင်းတဲ့ဟာပေါ့။ ကြယ်ကြီးကတော့ ကြွေသွားပြီ။ ဒီနေရာမှာ မရှိတော့ဘူး။ ခေါင်းဆောင်တွေ မရှိတော့ဘူးဆိုတာ ပြတာလေးပဲရှိတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေရဲ့ဆိုင်တဲ့ ဖော်ညွှန်းချက်တွေ မရှိတဲ့အတွက် တနေ့တချိန်မှာတော့ ကျနော်တို့ ထည့်နိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ မေး - ဆိုတော့ ဆရာတို့ အရင်စဉ်းစားခဲ့တာက အထိမ်းအမှတ် ပြတိုက်လိုဟာမျိုး၊ ပြီးတော့ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ မိန့်ခွန်းတွေ၊ လက်ရေးမူတွေ ပါမယ်လို့ မျှော်မှန်းခဲ့တာလေ။ ဒီအစိုးရသစ်လက်ထက်မှာကော ဒါတွေကို သူတို့ ဖြစ်အောင်လုပ်နိုင်ပါ့မလား။ ဆရာတို့ကော အကြံပေးတာမျိုးကော လုပ်ခဲ့လားဆရာ။ ဖြေ - ဟိုးကနဦးကတည်းက ဘာကြောင့် အာဇာနည်ဗိမာန်ရဲ့ နောက်ကျောမှာ ကွက်လပ်အကြီးကြီး ထားပြီးတော့ လမ်းနဲ့ဘောင်သပ်ခဲ့လဲ၊ တောင်ကုန်းကြီးကို ဘာကြောင့် ဖြိုပြီးတော့ အဲဒီကွက်လပ်ကြီးရအောင် လုပ်ခဲ့လဲ ဆိုတော့ အဲဒီတုန်းက ကျနော်တို့က ကျနော်တို့စိတ်ထဲမှာ တနေ့ အဲဒီနေရာမှာ ပြတိုက်ဖြစ်လာမယ်။ ပြတိုက်ကြီးဆိုရင်တော့ အဲဒီခေတ်မှာ ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူး။ မဟုတ်တော့ ကျနော်တို့က လောလောဆယ် လိမ္မာပါးနပ်စွာနဲ့ အဲဒီနေရာကို ဘာခေါ်မလဲ ကမ္ပည်းများရေးထိုးရန် စသည်ဖြင့် တခုခု အဲလိုပဲ ရေးပေးခဲ့တယ်။ သူတို့ကတော့ မသိဘူးပေါ့။ ဆရာစားချန်ခဲ့တာပေါ့။ ဆရာစားချန်တာ နောက်တခု ကြုံတုန်းပြောရဦးမယ်။ သူတို့က ဘယ်သူဘယ်ဝါလို့ မသိစေချင်ဘူးလို့ ပြောပေမယ့် ကျနော်တို့က ခိုးပြီးတော့ အဲဒီမှာ ကိုယ်ပိုင်အမြှောင်းကြီးကိုးခုနဲ့ ပေါင်းစပ်ခဲ့တာ။ အနိမ့်အမြင့်နဲ့ အမြှောင်းကြီးကိုးခုနဲ့ လုပ်ခဲ့တာ။ ဘာဖြစ်လို့ အဲဒီလို အမြှောင်းကြီးတွေ ဖြစ်နေလဲဆိုတော့ ကျနော်တို့က ဗိသုကာဝေါဟာရဆိုင်ရာ သိပ်ပြီးကြီးလာရင် ဟုန်ပြီး ပြောင်နေမှာစိုးလို့ Scale Down လုပ်ထားတာပါဆိုပြီး ပြောတယ်။ ဒါပေမယ့် ကိုးခု ကျနော်တို့က ထည့်ထားတယ်။ ကိုးခုထဲမှာ ဘေးမှာ ဦးအုန်းမောင်နဲ့ ရဲဘော်ကိုထွေးက အသေးလေးပေါ့။ ဘေးနားမှာ။ အဲဒါကိုတော့ သူတို့ ကျော်သွားပုံရတယ်။ ဒီနေ့မှာ သင်္ကေတတွေတင်ရင် အဲဒီအမြှောင်းတခုချင်းအပေါ်မှာ လိုက်ပြီးတော့တင်ရင် ကိုးခုရှိနေတယ်။ အခု စည်ပင်သာယာကနေပြီးတော့ ကျနော်တို့ကို ပြန်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဖိတ်ခေါ်ပြီးတော့ မူလဒီဇိုင်းမှာ ကျန်ခဲ့တဲ့ဟာတွေ ၀ိညာဉ်ထည့်လို့ရသလောက် ထည့်ရအောင်ဆိုပြီးတော့ အဲလို ကျနော်တို့ကို ဘာပဲပြောပြော သတိတရနဲ့ခေါ်တဲ့အတွက် ကျနော်တို့ကလည်း အရင်က ရှိတာတွေပေါ့နော်။ သိပ်ပြီး စဉ်းစားစရာမလိုဘူး ဒါတွေဒါတွေတော့ ဖြစ်နိုင်တယ် ဆိုပြီးတော့။ အမှန်တော့ စည်ပင်သာယာကို ကျနော် အရမ်းကျေးဇူးတင်ပါတယ်။ သူတို့က သာမန်ထက်ကို ပိုပြီးတော့ ထက်သန်စွာ စေတနာနဲ့ လုပ်နေတာကို ကျနော် အံ့သြစွာတွေ့ရပါတယ်။ မေး - ဘာပဲပြောပြော အခုချိန်မှာတော့ ကျနော်တို့ အာဇာနည်ဗိမာန်လို့ ပြောလိုက်ရင် အရင်တုန်းက ၈၂ တုန်းက ဆရာတို့ဆွဲခဲ့တဲ့ ဆရာဦးဆန်းဦးနဲ့ အဖွဲ့ပေါ့နော် စက်မှုတက္ကသိုလ်ကဆိုပြီး ပြည်သူလူထုက တွဲမြင်ကြမှာပေါ့။ အဲ့တော့ ဆရာအနေနဲ့ ဖြည့်စွက်ပြီး ပြောချင်တာလေးရှိရင် တခုနှစ်ခုလောက် ပြောပေးပါလားဆရာ။ ဖြေ - အဲဒီတုန်းက အဖွဲ့နဲ့လုပ်တာပါ။ ကျနော်တို့ကို အကြံပေးလမ်းညွှန်တဲ့ ပါမောက္ခချုပ် ဦးခင်အောင်ကြည် ရှိပါတယ်။ ကျနော်တို့ ဗိသုကာဌာနမှူး ဒေါက်တာမောင်ကျော်ပါ။ အခု ကွယ်လွန်သွားပါပြီ။ နောက် ကျန်ရစ်တာကတော့ ဗိသုကာဆရာ ဒေါက်တာလွင်အောင်ပါ။ သူတို့တွေက ကျနော်တို့ကို ရှေ့ကနေပြီးတော့လည်း တမျိုး၊ နောက်ကနေတမျိုး အားတွေပေးပါတယ်။ လမ်းညွှန်ပါတယ်။ ထိုနည်းတူစွာပဲ ၁၂ ယောက်ပါတဲ့ ဗိသုကာ အထူးအဖွဲ့ပေါ့နော်။ များသောအားဖြင့် ကျနော့်ရဲ့ ရောင်းရင်းတွေက နိုင်ငံခြားကို ထွက်သွားပြီးတော့ အဲဒီမှာ အလုပ်လုပ်နေပါပြီ။ မှတ်မှတ်ရရ အခု ကျနော်တို့နဲ့အတူတူ လက်တွဲလုပ်ပြီး ကျန်တာကတော့ ဗိသုကာကောင်စီနဲ့ ဗိသုကာအသင်းမှာ ဒု-ဥက္ကဋ္ဌတွေဖြစ်နေတဲ့ ဦးမော်လင်းနဲ့ ဒေါ်မိုးမိုးလွင်တို့ပါ။ သူတို့တွေက အားလုံး ကျနော်တို့နဲ့ တက်ညီလက်ညီ လုပ်ခဲ့တာပါ။ အခုဆိုရင် ဦးမော်လင်းက ဒီနှစ်အတွက် အထူးဝိညာဉ်သွင်းတဲ့အနေနဲ့ ပြကွက်ကြီးတွေရဲ့ ဂရပ်ဖစ်နဲ့ သုတေသနကို သူက လုပ်ကူနေပါတယ်။ အဲတော့ လူထုအနေနဲ့ ခုန ကြယ်ပွင့်နဲ့ Building အပြင် ဖြတ်သွားတဲ့အချိန်မှာ ဗိုလ်ချုပ်ရဲ့ရုပ်ပုံတွေ၊ သူ့မိန့်ခွန်းတွေကို Billboard ကြီးတွေပေါ်မှာ တွေ့ရမှာပါ။ အဲလိုလုပ်ပေးနေတဲ့ ဦးမော်လင်းကိုလည်း ကျနော် အရမ်းကျေးဇူးတင်ပါတယ်။ တွေ့ဆုံမေးမြန်းသူ - ခင်သန်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up