နာမည်ကြီး ပါကစ္စတန်မော်ဒယ်ကို သတ်ဖြတ်ခဲ့သည့် မောင်ဖြစ်သူကို ဖမ်းမိ

ပါကစ္စတန် အင်တာနက် လူမှုကွန်ရက်မှာ နာမည်ကျော်ကြားတဲ့ မော်ဒယ်မင်းသမီးကို သတ်ဖြတ်ခဲ့တဲ့ မောင်ဖြစ်သူကို ဇူလိုင် ၁၆ ရက်ညမှာပဲ ပါကစ္စတန်နိုင်ငံ အလယ်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အစ်မဖြစ်သူရဲ့ အင်တာနက် လူမှုကွန်ရက်က Sexy ပုံတွေကြောင့် မိသားစုဂုဏ်သိက္ခာ ထိခိုက်လို့ သတ်ဖြတ်တာဖြစ်ကြောင်း အသက် ၂၅ နှစ်အရွယ် ၀ါဆင်း ဘလော့ခ်ျက ၀န်ခံပြောဆိုပါတယ်။
အသက် ၂၆ နှစ်အရွယ် အင်တာနက်မော်ဒယ် ကွမ်ဒီလ်ဘလော့ခ်ျဟာ သူ့ရဲ့ လူမှုကွန်ရက်တွေမှာ ဘာသာရေး၊ လူမှုရေး အငြင်းပွားစရာ ဓာတ်ပုံ၊ ဗွီဒီယိုတွေနဲ့ ရေးသားပြောဆိုမှုတွေကြောင့် ပါကစ္စတန်နိုင်ငံမှာ လူသိများ ကျော်ကြားပါတယ်။
မကြာခင်ကပဲ မွတ်စလင် ဘာသာရေးခေါင်းဆောင်တဦးနဲ့ တွဲလျက်ပုံတွေ အင်တာနက်ပေါ် တင်လိုက်ပြီးနောက်ပိုင်း အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိလာတဲ့အတွက် နေထိုင်ရာ ကရာချိမြို့ကနေ မွေးရပ်မြေ ပန်ဂျပ်ပြည်နယ်ကို ပြန်သွားအပြီး သတ်ဖြတ်ခံရတာပါ။
ဘာသာရေးခေါင်းဆောင်တဦးနဲ့ပုံက သူသတ်ဖြတ်ရတဲ့ အကြောင်းရင်းတရပ်လို့ သတ်ဖြတ်သူ မောင်က ရဲကို ပြောပါတယ်။
မော်ဒယ် ကွမ်ဒီလ်မှာ Twitter follower ၄၃၀၀၀ ကျော်နဲ့ Facebook follower ၇ သိန်းကျော် ရှိပါတယ်။
ကွမ်ဒီလ်ဟာ ၂၀၁၄ ခုနှစ်ကပြီး အင်တာနက်မှာ လူသိများ ကျော်ကြားလာတာ ဖြစ်ပါတယ်။