ချင်းတွင်းမြစ်ရေကျသွားသဖြင့် ရပ်နားထားသည့် အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲ

842
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ယာယီရပ်နားထားတဲ့ အမြန်ရေယာဉ်တွေရဲ့ ခရီးစဉ်တွေကို ဇူလိုင်လ ၁၇ ရက်နေ့က ပြန်လည်ပြေးဆွဲနေပါတယ်။
ချင်းတွင်းမြစ်ရေတက်နေတဲ့အတွက် ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ခရီးစဉ်တွေကို ယာယီရပ်နားပြီး ရေဆက်လက်မြင့်တက်နေတဲ့အတွက် ဇူလိုင်လ ၁၆ ရက်နေ့ထိ နောက်ထပ် ၃ ရက်ထပ်တိုးရပ်နားထားရာမှ အခုအခါမြစ်ရေကျဆင်းသွားတဲ့အတွက် ဒီနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြန်လည်ပြေးဆွဲတယ်လို့ မုံရွာမြို့ ပုဂ္ဂိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီရုံးက ပြောကြားလိုက်တာပါ။
ဒီနေ့ မနက် ၄ နာရီကစတင်ပြီး ခရီးသည်တင်အမြန်ရေယာဉ် ၁၄ စင်း နဲ့ ကုန်တင်ရေယာဉ် ၅၁ စင်း ပြန်လည်ပြေးဆွဲနေပြီလို့ သိရပါတယ်။
ချင်းတွင်းမြစ်ရေကြောင်းသွားလာရေး လူစီးအမြန်ရေယာဉ်ခရီးစဉ်တွေကို မုံရွာမြို့ကို အခြေပြုပြီး ကနီ၊ မင်းကင်း၊ ဟုမ္မလင်း၊ နန့်တော၊ မောက်ကတော် စတဲ့ မြို့တွေ ပြန်လည် ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ပြန်လည်ပြေးဆွဲတဲ့ရက်မှာတော့ ခရီးသည်တွေ များပြားတဲ့အတွက် ရေယာဉ်အသင်းများမှ ၂ စင်းတိုးမြှင့်ပြေးဆွဲနေရတယ်လို့ သိရပါတယ်။
မုံရွာမြို့အခြေစိုက်ရေယာဉ်အသင်းများမှာ ခရီးသည်အမြန်ရေယာဉ်အသင်း ၈ သင်းနဲ့ ကုန်တင် ရေယာဉ်အသင်း ၁၉ သင်းရှိပြီး ရေယာဉ်အစင်းရေကတော့ ခရီးသည်တင်အမြန်ရေယာဉ် ၁၄ စင်းနဲ့ ကုန်တင်ရေယာဉ် ၅၁ စင်းရှိတယ်လို့ သိရပါတယ်။
မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်ရေ စိုးရိမ်ချိန်ရေအမှတ်ဟာ ၁၀၀၀ စင်တီမီတာ ဖြစ်ပြီး ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ ၉၅၈ စင်တီမီတာ ရှိတယ်လို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး