ရှမ်းနီဒေသကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေး ရှမ်းနီလူငယ်များကြိုးပမ်းမည်

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရှမ်းနီလူမျိုးတွေအနေနဲ့ မိမိကိုယ်ပိုင်နယ်မြေဒေသ ဖော်ထုတ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့ ကြိုးပမ်းသွားမယ်လို့ ရှမ်းနီလူငယ်များ ညီလာခံက ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား၊ ခတ်ချို၊ ၀ိုင်းမော်၊ ဗန်းမော်၊ ပူတာအို၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး၊ ဟိုပင်၊ ဖားကန့်၊ တာမခံ နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ ခန္တီး၊ ကောလင်း၊ ၀န်းသို၊ ဖောင်းပြင်နဲ့ ရန်ကုန်၊ မန္တလေးရှိ ရှမ်းလူငယ်အဖွဲ့ ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်ဟာ မန္တလေးမှာ လာရောက် ဆုံဆည်းပြီး ရှမ်းနီ လူငယ်များညီလာခံကို ပမာဏအဖြစ် ကျင်းပနေတာ ဖြစ်ပါတယ်။
ရှမ်းနီလူမျိုးတွေဟာ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ ရှေးယခင်က တည်းကနေထိုင်လာခဲ့ပြီး သမိုင်းအစဉ်အလာကြီးမားခဲ့ပေမယ့်လည်း အခုချိန်မှာ သီးခြားနယ်မြေ မရှိတဲ့အပြင် စာပေနဲ့ စကားတွေပါ တိမ်ကောပပျောက်လုနီးပါးဖြစ်နေတဲ့အတွက် အနယ်နယ် အရပ်ရပ်က ရှမ်းနီလူငယ်တွေ လာရောက်စုစည်းဆွေးနွေးပြီး နယ်မြေဒေသဖော်ထုတ်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေး ကြိုးပမ်းသွားမယ်လို့ ညီလာခံဖြစ်မြောက်ရေးအဖွဲ့ဝင် နန်းနွယ်နွယ်က ဒီဗွီဘီကို ပြောပါတယ်။
“ကျမတို့ရှမ်းနီလူမျိုးတွေဟာ သမိုင်းအလာကြီးခဲ့ပေမယ့် နယ်မြေပျောက်နေတယ်။ အထူးသဖြင့် ရှေးယခင်ကတည်းကတည်ရှိခဲ့တဲ့ ရှမ်းမြို့ရှမ်းရွာတွေဟာ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ကချင်ပြည်နယ်ထဲကို သွပ်သွင်းခြင်း ခံခဲ့ရတယ်။ အဲဒီတော့ ကချင်ပြည်နယ်လို့ ဆိုလိုက်ရင် ကချင်လူမျိုးတွေဘဲနေတယ်လို့ ထင်ကြတယ်။ အမှန်က ရှမ်းလူမျိုးတွေ အများစုနေကြတာ၊ ဒီကြားထဲမှာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကြောင့် ကျမတို့ရှမ်းနီလူမျိုးတွေဟာ ကိုယ်ပိုင်စာပေ ယဉ်ကျေးမှုလည်း ပပျောက်ခဲ့ရတယ် အခုဆိုရင် ရှမ်းနီစကားမတတ်တဲ့သူတွေ တော်တော်များနေပြီ၊ ပျောက်လု နီးပါးဖြစ်နေပြီ၊ အဲဒါတွေကိုလည်းပြန်ဖော်ထုတ်ရမယ်။ ပြီးတော့ ကျမတို့ဆီက မူးယစ်ဆေးဝါးပြဿနာ၊ သယံဇာတဆုံးရှုံးမှု၊ သဘာ၀၀န်းကျင် ထိန်းသိမ်းဖို့ အဲဒါတွေကို ဘယ်လိုပေါင်းလုပ်ကြ မလဲဆိုတာတွေ လာပြီး ဆွေးနွေးကြ တာဖြစ်ပါတယ်။”
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ရှမ်းနီလူမျိုးတွေတင်မဟုတ်ဘဲ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခန္တီး အစရှိတဲ့ ရှမ်းမျိုးနွယ်စုတွေပါ နေထိုင်ကြတဲ့အတွက် အခြားရှမ်းမျိုးနွယ်စုတွနဲ့ပါ အမျိုးသားရေး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ချိတ်ဆက် ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ အခုညီလာခံကတော့ သူတို့အနေနဲ့ အတွေ့အကြုံ မရှိသေးတဲ့အတွက် ရှမ်းနီ လူငယ်အများစုသာ ပါဝင်ပြီး ပဏာမအဖြစ်နဲ့သာ ကျင်းပနေတာလို့ ပွဲစီစဉ်သူတွေကဆို ပါတယ်။
ဒီညီလာခံကို ရှမ်းနီလူငယ်များအဖွဲ့ချုပ်က ဦးဆောင်ပြီး မန္တလေး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်မှာ ဇူလိုင် ၁၅ ရက်က ၁၇ ရက်ထိ ၃ ရက်တာ ကျင်းပနေတာပါ။