A d v e r t i s e m e n t With Us

ရာသီဥတုကြောင့် ရပ်နားထားသည့် ရခိုင်အဝေးပြေးခရီးစဉ် ပုံမှန်ပြန်လည်ပြေးဆွဲ

ရာသီဥတု အခြေအနေကြောင့် ရက်ပိုင်းခန့် ပြေးဆွဲမှု ရပ်နားထားတဲ့ ရခိုင် အဝေးပြေးယာဉ်လိုင်း ခရီးစဉ်တွေ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ ဇူလိုင်လဆန်းကတည်းက မိုးကြီးရေလျှံတာတွေကြောင့် ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို ပြေးဆွဲတဲ့  ခရီးစဉ်တွေကို ပိတ်ထားခဲ့တာပါ။ ဇူလိုင်လ ဒုတိယပတ်မှာတော့ ခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပါတယ်။ “စစ်တွေဘက်ပေါ့နော်။ စစ်တွေ၊ မင်းပြားဘက်က ရေနည်းနည်းကြီးတဲ့အတွက်ကြောင့် သုံးရက်လောက်ပိတ်လိုက်တယ်၊ ၆ ရက်၊ ၇ ရက်၊ ၈ ရက်။ အဲဒါကတော့ ကားလိုင်းအသင်းတွေ သူတို့ဘာသာသူတို့ တရားဝင် ပိတ်လိုက်တာပေါ့နော်။ ခရီးသည်အနေနဲ့တော့ မသိသာဘူးပေါ့။ ပစ္စည်းအတွက်ကတော့ သိသာမှာပေါ့။ ပစ္စည်းတွေပို့တဲ့အခါ အခက်အခဲဖြစ်တော့ ပစ္စည်းကြန့်ကြာတာတွေ၊ ရက်ကြာတာတွေ ရှိတယ်။ လူတွေကတော့ ပုံမှန်အတိုင်း အရမ်းကြီး မသွားတဲ့အတွက် လူတွေဘက်ကတော့ အခက်အခဲမရှိဘူး” လို့ ရွှေခရီးသွားလုပ်ငန်းမှ မလင်းလင်းက ပြောပါတယ်။ ဒါ့အပြင် ဒီနှစ်မိုးတွင်းကာလမှာ အရင်နှစ်တွေထက် ခရီးသွားလာမှု နည်းပါးတယ်လို့လည်း မလင်းလင်းက ဆက်ပြောပါတယ်။ “သွားလာမှုများတာတော့ လုံးဝမရှိဘူး၊ မိုးတွင်းမှာကတော့။ ရန်ကုန်-မန္တလေးကတော့ ပုံမှန်ပေါ့။ တောင်ကြီးတို့ ဘာတို့ဆိုရင် ခရီးသွား အရမ်းနည်းသွားတာပေါ့။ မိုးတွင်းဆိုတော့လေ။ ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော်ကတော့ မဖြစ်မနေ အဲဒီလိုင်းတွေလောက်ကတော့ ရောင်းရတယ်။ ကျန်တဲ့လိုင်းတွေဆိုရင် တော်တော်များများ ခရီးသည် ပါးသွားတယ်။” နှစ်စဉ် မိုးတွင်းကာလမှာ ရေကြီးရေလျှံမှုဖြစ်ချိန်တိုင်း အဝေးပြေးခရီးစဉ်တွေကို ရပ်နားလေ့ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်နယ်တွေဖြစ်တဲ့ ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေဟာ ပွင့်လင်းရာသီမှာတောင် လမ်းပန်းဆက်သွယ်မှု အခက်အခဲတွေရှိပြီး အခုလို မိုးရာသီဆိုရင် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်တဲ့အထိ ကြုံရတာမျိုးတွေ ရှိပါတယ်။ ဒီလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုဟာ ဒေသတွင်း ဖွံ့ဖြိုးဖို့အတွက် စိန်ခေါ်မှုတရပ် ဖြစ်တယ်လို့လည်း ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။ လက်ရှိအစိုးရသစ် လက်ထက်မှာတော့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတခု ထားရှိပြီး လုပ်ငန်းဆောင်ရွက်တာတွေ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up