တိုင်းရင်းသားတွေအကုန်လုံးရဲ့ နိုင်ငံရေးရည်မှန်းချက်က အတူတူပါပဲ- ပဒိုစောကွယ်ထူးဝင်း
အေးနိုင်
·
July 15, 2016
ပြည်ထောစ်ုငြိမ်းချမ်းရေးညီလာခံ-(၂၁ ရာစု ပင်လုံညီလုံ)ကို လာမယ့် သြဂုတ်လ နောက်ဆုံး သီတင်းပတ်မတိုင်ခင်မှာ ကျင်းပဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားပါတယ်။
ဒီညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေး ကြိုးပမ်းကြဖို့လည်း ညီလာခံကြိုတင် ပြင်ဆင်ရေးကော်မတီကို ညွှန်ကြားခဲ့ပါတယ်။ ညီလာခံမှာ ပါဝင်တက်ရောက်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ဒီလကုန်ပိုင်းမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဆိုင်ရာ တိုင်းရင်းသားတွေရဲ့ ဘုံသဘောထားရပ်တည်ချက်နဲ့ပတ်သက်ပြီး ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
အန်စီအေ အပစ်ရပ်ထားပြီးသား ရှစ်ဖွဲ့နဲ့ အပစ်မရပ်သေးတဲ့ ရှစ်ဖွဲ့နဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆွေးနွေးတာလို့ ကျနော်တို့ သိရပါတယ်။ အဲတော့ အရင်တုန်းက UNFC ထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေပဲ ဆွေးနွေး တဲ့နေရာမှာ ၂၁ ရာစု ပင်လုံညီလာခံမှာ ဘုံသဘောတူညီချက်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီအစဉ်ပေါ်မှာပေါ့နော် ဘယ်လိုမျိုးသဘောထားပါသလဲခင်ဗျ။
“ကျနော်တို့အခု အပစ်ရပ်တဲ့အဖွဲ့နဲ့ အပစ်မရပ်တဲ့အဖွဲ့ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တော့ အတူ တူပါပဲ။ တိုင်းရင်းသားတွေအကုန်လုံး အဖွဲ့အစည်း လက်နက်ကိုင်အဖွဲ့အစည်း တွေရော၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ရော နိုင်ငံရေးရည်မှန်းချက်တွေ အတူတူပါပဲ။ ဒါပေမယ့် ရောက်ရှိနေတဲ့ အနေအထားပေါ်မှာ ကိုယ့် အဖွဲ့အစည်းရဲ့ ရပ်တည်ချက်အပေါ် မူတည်ပြီးတော့ ကွာသွားတယ်။ ကွဲတယ်တော့ မဟုတ်ဘူးပေါ့ နော်။ အဲဒီအနေအထားပုံစံလေး မတူတဲ့ အနေအထားဖြစ်သွားပါတယ်။ အခုလို ပြန်တွေ့တာလည်း ပထမဦးဆုံးအကြိမ် ပြန်လည်ပူးပေါင်းဆောင်ရွက်တာ မဟုတ်ပါဘူး။ ကျနော်တို့ တွေ့ဆုံမှု အကြိမ်ကြိမ်ရှိပါတယ်။ နားလည်မှုလည်းရှိမှာပဲ။ နောက်ပြီးတော့ သတင်းဆိုင်ရာ ကိစ္စနဲ့ ကျနော်တို့ဆောင်ရွက်မှုကိုလည်း ဝေငှတဲ့ အပိုင်းတွေလည်းရှိပါတယ်။ ကျနော်တို့ ဆောင်ရွက်မှု အကုန်လုံးကိုကျတော့ ဒီဘက်က လက် မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေလည်း အကုန်လုံးစာရွက်စာတမ်းတွေလည်း ပေးပါတယ်။ ဆိုလိုတာက ကျနော်တို့က နားလည်မှုရှိကြပါတယ်။ ဒါပေမယ့်ရောက်ရှိနေတဲ့အနေအထားမှာလည်း ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆိုတဲ့ ကိစ္စက ဒီတကြိမ်ကတော့ ပထမဦးဆုံး စုံစုံညီညီပြန်တွေ့တဲ့ အတွေ့အကြုံဖြစ်ပါတယ်။
နောက် တခုကတော့ ကျနော်တို့ အကုန်လုံးပါဝင်ရေးမူဆိုတဲ့ သဘောထားကို လွန်ခဲ့တဲ့အစိုးရကလည်း သဘောထား အဲလိုရှိပါတယ်။ ဒါပေမယ့် အကောင်အထည်ဖော်တဲ့နေရာမှာ ဒီလိုအစိုးရတော့မဟုတ် ဘူးပေါ့နော်။ ဒီလိုအစိုးရမှာလည်း ခုထက်ထိတော့ ဒီကိစ္စကို ရှင်းနိုင်တဲ့အနေအထားတော့ မရှိသေး ဘူးပေါ့။ အကုန်လုံးပါဝင်ရေးဆိုတာက (၁) အချက်ကတော့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲမှာ အကုန် လုံးပါဝင်ရေးမူဆိုတာ နဂိုကတည်းက သဘောထားရှိနေတယ်။ ဒုတိယအချက်ကတော့ ငြိမ်းချမ်းရေး အတွက်ဆိုရင်လည်း လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့ အဖွဲ့အစည်းတွေ အကုန်လုံးကတော့ ပါဝင်ဖို့လို အပ်တယ်။ ဆိုတော့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ လက်နက်ကိုင်ပဋိပက္ခအကုန်လုံး ချုပ်ငြိမ်း ဖို့ ပါဝင်ဖို့လိုတယ်။ ဆောင်ရွက်တဲ့နေရာမှာကျတော့ အဖွဲ့ချင်းမတူတဲ့အပေါ် အနေအထားမတူတဲ့ အပေါ် သီးခြားဆောင်ရွက်တဲ့ အနေအထားတော့ ရှိမှာပေါ့။ ဆိုလိုတာကအခုက အပစ်ရပ်တဲ့အဖွဲ့၊ အပစ်မရပ်တဲ့ အဖွဲ့၊ အပစ်မရပ်သေးပေမယ့်လည်း တူညီတဲ့အနေအထားလည်း မရှိဘူး။ အထူးသဖြင့် ကျနော်တို့ တုန်းကဆို မိုင်းလားဆို သူ့ရပ်တည်မှုတမျိုး၊ နောက်ပြီးတော့ ကျနော်တို့ ပြောနေတဲ့ သုံးဖွဲ့ (တအာင်းပလောင်၊ ရခိုင်၊ ကိုးကန့်) ဆိုလည်း ရပ်တည်မှုတမျိုး။ ဒီအပေါ်မှာ ကျနော်တို့ အကုန်လုံးကနေပြီးတော့ ပါလာနိုင်အောင်၊ အကုန်လုံး အပစ် အခတ်ရပ်စဲရေးမှာ ပါလာနိုင်အောင် ဆောင်ရွက်ရမယ့် ကိစ္စဆိုတာ တဆင့်ချင်း၊ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ သဘောထား ရည်ရွယ်ချက်လည်းရှိနေတယ်။ ကျနော်တို့ရဲ့ သဘောထားရည်ရွယ်ချက်လည်း ဖြစ် ပါတယ်။”
ဒုတိယပိုင်းမေးခွန်းက မူပါခင်ဗျ။ စစ်မှန်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အပစ်ရပ် ကော၊ အပစ်မရပ်သေးတဲ့ အဖွဲ့တွေကော၊ နိုင်ငံရေးပါတီတွေရော၊ တိုင်းရင်းသား နိုင်ငံ ရေးပါတီတွေရောပေါ့နော်။ အဲဒီ ဘုံ သဘောထားရပ်တည်ချက်တွေဟာ ဘယ်လောက်ထိအောင် နီးစပ်နေပြီလို့ ပြောလို့ရမလဲခင်ဗျ။
“ကျနော့်အမြင်ကတော့ ဒီလိုရှိပါတယ်။ ဒီ ၂၁ ရာစု ပင်လုံပဲပြောပြော၊ ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံပဲ ပြောပြော ဒါကနိုင်ငံရေးဆွေးနွေးမှုအရ အမြင့်ဆုံးအဆင့်ဖြစ်တယ်၊ ဒါအဆုံးအဖြတ်ပေးမယ့် အဆင့်ဖြစ်တယ်။ ဒီငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဆိုတာကလည်း တကြိမ်တခါတည်း ပြီးအောင် ဆောင်ရွက်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ အဆင့်ဆင့်ရှိတယ်။ အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ နောက်ဒေသအလိုက် ဆွေးနွေးပွဲတွေရှိပါတယ်။ ဒီရပ်တည်ချက်က တော့ ကျနော်တို့က အဓိက နှစ်ချက်လို့ ကျနော်တို့ အဲလိုနားလည်ပါတယ်၊ ဖက်ဒရယ်တခု တည် ဆောက်မယ်ဆိုရင်တော့။ ဖက်ဒရယ်တခု တည်ဆောက်မယ်ဆိုရင်တော့ ပြည်နယ်ရယ်၊ ပြည်ထောင်စု ဆိုတာရှိတာကိုး။ အဆင့်နှစ်ဆင့်ရဲ့ အာဏာခွဲဝေမှု၊ ဒီကိစ္စကတော့ သဘောထားရင်းက ကျနော်တို့ အတူတူပါပဲ။ ဒါပေမယ့် ဘယ်လိုအတိုင်းအတာအထိ ညှိနှိုင်းပြီးတော့ နိုင်ငံရေးအဖြေထွက်မယ်ဆိုတာ အခုနိုင်ငံရေးဆွေးနွေးပွဲမှာသာ ကျနော်တို့ ပြောလို့ရပါတယ်။
နောက်တခုကတော့ ကျနော်တို့ပြောနေ တာက ဖက်ဒရယ်ပြည်ထောင်စုဆိုတော့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်၊ ဒါကို ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်တယ်။ အဖြေရဲ့ ရလဒ်ကတော့ ကျနော်တို့ တဖက်တည်းက ရပ်တည်မှု တူသွားပေမယ့်လည်း အစိုးရ၊ နောက်ပြီးတော့ တခြားနိုင်ငံရေးပါတီတွေ အမြင်တွေ ညှိပြီးတော့ အကုန်လုံးက လက်ခံနိုင်တဲ့ ဘုံသဘောတူညီချက်လည်း တခုပြန်ရှာရမှာကိုး။ ဆိုလိုတာက ကျနော်တို့ တိုင်းရင်းသားရဲ့ ဘုံသဘောတူညီချက်မကဘူး။ တနိုင်ငံလုံးရဲ့ ဘုံသဘောတူညီချက်၊ ရောက်ရှိနေတဲ့ အနေအထား၊ အများလက်ခံ အကောင်အထည်ဖော်နိုင်တဲ့ နိုင်ငံရေး အဖြေသဘောတူညီချက်တခုကို ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲအရသာ ရရှိပြီးတော့ ဖက်ဒရယ်ထူထောင်သွားမှာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ခွဲထွက် ရေးမပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုဆိုပြီးတော့ ဖော်ဆောင်မယ်ဆိုပြီးတော့ ပြောပါတယ်။ နောက်တခုက ပဒိုတို့ဘက်ကကော ခွဲထွက်ရေးမပါသည်ပဲဖြစ်စေ၊ ပါသည်ပဲဖြစ်စေ စစ်မှန်သော ဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မထိပါးဘဲနဲ့ ပြောင်း လို့မရဘူးဆိုပြီးတော့ ပညာရှင်တွေရော၊ ဥပဒေတွေရော၊ ရှေ့နေကြောင်းအရ သုံးသပ်တာတွေရှိပါ တယ်။ အဲတော့ လာမယ့်ညီလာခံမှာ ပဒိုတို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုမျိုးထိဖို့၊ တို့ဖို့ ရှိလဲ။ အဲဒါဘယ်လို ရင်ဆိုင်ကြမလဲခင်ဗျ။ ဘယ်လိုပြင်ဆင်ထားလဲခင်ဗျ။
“အဲလိုသဘောတော့ မဟုတ်ဘူးလို့ ကျနော်မြင်တယ်။ ကျနော်တို့ရဲ့ သဘောတူညီချက်မှာ နိုင်ငံရေးဆွေးနွေးပွဲရလဒ်ကနေထွက်လာတဲ့ သဘောတူညီချက်ကို အခြေခံပြီးတော့ ဖွဲ့စည်းပုံကို ပြင်ရမှာပဲ။ အဲဒီတော့ ထိလို့တို့လို့မရဘူးဆိုတာ အဲလိုတော့ သဘောမဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။ ကျနော်တို့ နားလည်မှုရှင်းရှင်းကတော့ အခုနိုင်ငံရေးဆွေးနွေးပွဲကနေ ရလာတဲ့ ရလဒ်အပေါ်မှာ ပြည်ထောင်စု သဘောတူညီ ချက်၊ ငြိမ်းချမ်းရေး သဘောတူညီချက် ဒါတွေရှိလာရင်၊ ဒီပေါ်မှာ အခြေခံပြီးတော့ ဖွဲ့စည်းပုံကို လိုအပ်မှုအရ အဲဒီဆုံးဖြတ်ချက်အရ သဘောတူညီချက်အရပေါ့ ပြင်ရမယ်ဆိုတာတော့ ရှိထားပြီးသား။ ကျနော်တို့ ဖက်ဒရယ်သွားမယ်ဆိုရင် အခုဒေါ်စုကလည်း ဒါကိုပြောနေတာပဲ။ ဖွဲ့စည်းပုံပြင်ရမယ်ဆိုတာက လည်း ပြောနေကြတာပဲ။ ဒါကိုကျနော်တို့သွားနေတာပဲ အတူတူ။ ရည်မှန်းချက်လည်းအတူတူပါပဲ။ ဒါပေမယ့် ခုနကကျနော်တို့ ပြောနေတဲ့ ဆွေးနွေးပွဲရလဒ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
ဒါဆိုရင် မိုင်ဂျာယန် (ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေတွင်ကျင်းပမည့် လက်နက်ကိုင် တိုင်းရင်းသားပေါင်းစုံညီလာခံ)ပွဲ၊ မိုင်ဂျာယန်ပွဲမှာ အပစ်ရပ်တဲ့အဖွဲ့တွေနဲ့ အပစ်မရပ်တဲ့ အဖွဲ့တွေနဲ့ ကြားထဲမှာ ဘုံသဘောတူညီချက်က ဘယ်လိုမျိုး ရနိုင်မှ အဆင်ပြေမလဲပေါ့ နော်။ ဘယ်လိုမျိုးမျှော်မှန်းလဲ နည်းနည်း အသေးစိတ်လေး ပြောပြပေးပါဦး။
“အဆင်ပြေမယ်ဆိုတာထက် ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်ဆိုတာ က ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတင်မကဘူး။ လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေရော၊ မထိုးတဲ့အဖွဲ့တွေရော၊ မထိုးတဲ့အဖွဲ့တွေမှာရော တချို့အဖွဲ့တွေကျတော့ အကုန်လုံးလက်ခံကြတယ်။ အစိုးရကလည်း ဒါကိုပဲလက်ခံတယ်။ ပြောနေတာပဲ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုတာက။ ဒါကနှစ်ခုရှိတဲ့အပေါ်မှာ။ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲမှာသာ ကျနော်တို့က ရရှိလာတဲ့၊ နှစ်ဖက်က လက်ခံနိုင်ပြီး လက်တွေ့ကျတဲ့ အကောင်အထည်ဖော်နိုင်တဲ့၊ ကျနော်တို့ရောက်ရှိနေတဲ့ အချိန်နဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအဖြေရလဒ်တခုတော့ ရသွားအောင်ကျနော်တို့ လုပ်သွားမယ်။ ဆိုလိုတာက ဘုံ သဘောထား ကျနော်တို့ တိုင်းရင်းသားဘက်က စုစည်းမှာပေါ့။ ကျနော်တို့ လိုချင်တဲ့အနေအထား။ ဒါပေမယ့် အစိုးရဘက်ကလည်း သူကရပ်တည်မှုရှိချင်လည်း ရှိမှာပေါ့။ နိုင်ငံရေးပါတီတွေလည်း ရှိချင် လည်းရှိမှာပေါ့။ ဆွေးနွေးမှုမှာသာ အကုန်လုံးပြည်သူတရပ်လုံး၊ နောက်ပြီးတော့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေလည်း လိုအပ်တဲ့၊ လိုချင်တဲ့ ဒါကိုညှိနှိုင်းအပေးအယူ လုပ်သွားရမှာပေါ့။ စနိုင်တဲ့နေရာကနေစပြီးတော့ တဖြည်းဖြည်း တက်သွားရမှာဖြစ်ပါတယ်။”
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောတယ်။ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ ကျင်းပတဲ့အခါမှာ ရဖို့ဆိုတာထက်စာရင်ပေါ့နော် တိုင်းရင်းသားတွေရော အဖွဲ့အစည်းပေါင်းစုံက ရော ဘာပေးရမလဲဆိုတဲ့ ပုံစံနဲ့ စဉ်းစားကြပါလို့ ပြောတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အပြန် အလှန် ခွန်းတုန့်ပြန်တာတွေရှိတယ်။ တိုင်းရင်းသားတွေဘက်က ပေးစရာတွေအများကြီးရှိလား၊ ဘာတွေ ရစရာတွေရှိမလဲ။ အဲဒါ ပြောပြပေးပါဦး ဒီစကားနဲ့ပတ်သက်လို့ ။
“ကျနော်တို့ မြန်မာနိုင်ငံက တိုင်းရင်းသား တမျိုးတည်းနေတဲ့ နိုင်ငံ မဟုတ်ဘူး။ တိုင်းရင်းသားတွေက သူ့တို့ရဲ့ သမိုင်းကြောင်းအရရော၊ ဖြစ်တည်မှုအရတော့ ကွာဟမှု တွေရှိကြတယ်။ သူတို့ရဲ့ လိုအပ်မှုချင်းလည်း တူမှာမဟုတ်ဘူး။ ကိုယ့်လိုအပ်မှုတခုတည်း ပြည်ထောင် စုကို ပြောကတည်းကိုက ခွဲထွက်ဖို့အတွက်လည်းမဟုတ်ဘူး။ စုပေါင်းနေထိုင်ကြမယ်။ ဒါပေမယ့် စုပေါင်းနေထိုင်မယ်ဆိုတာ ဘယ်လိုမျှမျှတတနဲ့ နေကြမယ်ဆိုတာ အပေးအယူက ရှိနေတာကိုး။ ပေး တာလည်းရှိတယ်။ ယူတာလည်းရှိတယ်။ ပေးတာတခုတည်းနဲ့၊ ယူတာတခုတည်းနဲ့လည်း မဖြစ်နိုင်ဘူး။ အပေးအယူဆိုတာ ရှိရမယ်။ ဒါပေမယ့် ကျနော်တို့က ပြည်ထောင်စုလို့ ပြောလိုက်မယ်ဆိုရင် ကိုယ့်တ မျိုးသားတည်း၊ ကိုယ့်တိုင်းရင်းသားအရေးပဲ ကြည့်တာထက် တပြည်လုံးအရေးကို ကျနော်တို့ ဗမာပြည်ရဲ့ နယ်နိမိတ်အတွင်းမှာရှိနေတဲ့ ပြည်သူတရပ်လုံးရဲ့ အကျိုးကျေးဇူးရှိမယ့် နိုင်ငံရေးအဖြေကိုသာ ကျနော် တို့ စဉ်းစားရမယ်။ ကိုယ့်ကရင်အမျိုးသား ကျနော်က ကရင်အမျိုးသားအဖွဲ့အစည်းကဖြစ်နေတော့ ကိုယ့်ကရင်တမျိုးသားတည်း ကြည့်လို့မရတော့ဘူး။ ဖက်ဒရယ်ပြည်ထောင်စုလို့ ပြောလိုက်ကတည်းကိုက တပြည်လုံးနဲ့ ဆိုင်လာတဲ့ကိစ္စ။ ဒါပေမယ့် တခြားတိုင်းရင်းသားတွေကိစ္စ၊ ကျနော်တို့ပြည်တွင်းမှာရှိတဲ့ ဗမာအမျိုသားအပါအ၀င် ကျနော်တို့ အကုန်လုံးဆွေးနွေးရမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ယူ တာလည်းမဟုတ်ဘူး၊ ပေးတာလည်းဖြစ်ရမယ်။ ကိုယ့်ဘက်အခွင့်အရေးအာမခံချက်နဲ့ ဟိုဘက်ကလည်း သူ့အခွင့်အရေးပေးရမယ်ဆိုတဲ့ သဘောလည်းရှိတဲ့အပေါ်မှာ အပေးအယူဆိုတာလည်းရှိရမယ်။ အဲဒီအပေါ်မှာမူတည်ပြီး သူက ပေးတဲ့ပေးဆပ်မှုပေါ့လေ။ ယူတာတခုတည်းမဟုတ်ဘဲ ဘယ်လောက်ပေးဆပ်နိုင်မလဲဆိုတဲ့အနေအထား ပြောတာဖြစ်တယ်။ ကျနော်ကတော့ အဲလိုနားလည်ပါတယ်။”
ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ တပ်မတော်ရဲ့ သဘောထားက အတားအဆီး ပုံစံ တခုလိုမျိုး ရှိနေတယ်ဆိုပြီးတော့ ရေးသားဖော်ပြတာတွေရှိပါတယ်။ အခုပဒိုတို့ NCA ထိုးပြီးကတည်းက တပ်မတော်ခေါင်းဆောင်ကြီး တွေနဲ့ တွေ့တဲ့အခါမှာ သူတို့ရဲ့ တကယ်သဘောထားကလေ ဘယ်လိုမျိုးရှိလဲ။ ဘယ်လိုမျိုး ပြောင်းလဲလာတာ ရှိလဲခင်ဗျ။
“ကျနော့်အမြင်ပေါ့လေ။ အရာရာတိုင်းက တနေရာတည်း ပုံသေတော့ ဘယ်တော့မှမရှိဘူး။ ပြောင်းလဲမှုဆိုတာ ရှိမှာပဲ။ ဖြစ်ပေါ်ပြောင်းလဲမှုနဲ့အတူ တပ်မတော်မှာလည်း တွေးခေါ်မှုတွေကလည်း ပြောင်းလဲမှုရှိမှာပဲ။ အဲလိုပဲ ကျနော်တို့ဘက်မှာလည်း ပြောင်းလဲမှုတွေရှိမှာပဲ။ တချိန်တုန်းက ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးက Independence (လွတ်လပ်ရေး) သီးခြားပြည်နယ်တောင်းတာပဲ။ ဒါပေမယ့် ကိုယ့်ရဲ့အနေအထားပြန်ကြည့်ပြီးတော့ ဒီလို အနေအထားနဲ့ လုပ်လို့မရဘူး။ ကျနော်တို့တိုင်းပြည်မှာလဲ အဲဒီလိုပဲ၊ ပထ၀ီအနေအထားအရ၊ ပထ၀ီနိုင်ငံရေးအရ ကျနော်တို့က ဒီလိုပြောင်းလဲတဲ့အနေအထားမှာ အခုလက်ရှိကတော့ ကမ္ဘာမှာကတော့ state building (နိုင်ငံပြုမှု) တဲ့ နိုင်ငံပေါ်မှာ အခြေခံပြီး အခြေခံနိုင်ငံရေးဆို တာရှိနေတာ၊ ကိုယ့်နိုင်ငံ ကိုယ့်အစုအဖွဲ့ထဲမှာ ဘယ်လိုနားလည်မှုရှိရှိနဲ့ စုဖွဲ့မှုလုပ်ရမလဲဆိုတဲ့အပေါ်မှာ တပ်မတော်က ခုနကျနော်ပြော သလို ပြောင်းလဲမှုရှိပါတယ်။ ဒါပေမယ့် သမိုင်းကြောင်းအရ ဖြန်သန်းလာတဲ့ အတွေ့ အကြုံအရ နှစ်ဖက်စလုံး သမိုင်းကြောင်းဖြတ်သန်းမှု အတွေ့အကြုံအရ ကိုယ့်ရဲ့ ဆောင်ရွက်မှု၊ ကိုယ့်ရဲ့ ရရှိတဲ့ပညာပေးမှုတွေရဲ့ အပေါ်မှာ တဖက်နဲ့တဖက် ယုံကြည်ဖို့က တော်တော်ခက်တယ်။ ဒါကြောင့်မို့ တပ်မတော်ရဲ့ အမြင်ကတော့ လုံခြုံရေး မျက်စိနဲ့ကြည့်မှာပဲ။ ကျနော်တို့ ဘက်ကအမျိုးသားရေးကို ကြည့်မယ်။ ဒီအပေါ်မှာ ကျနော်တို့ မျှမျှတတနဲ့ သဟဇာတရှိရှိ ဆောင်ရွက်ဖို့တော့ လိုအပ်တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒဏ်ကိုခံနေရတာ တပ်မတော်လည်း လက်တွေ့မှာ ခံနေရတယ်၊ ကျနော်တို့ တိုင်းရင်းသား ဘက်ကလည်း ခံနေရတယ်၊ ပြည်သူတွေလည်း ခံနေရတယ်။ တိုင်းရင်းသားပါမကဘူး။ တပြည်လုံးက ခံနေရတဲ့ ပြဿနာဖြစ်တဲ့အတွက် ဒါတွေက ပြောင်းလဲမှု တော့ရှိပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုကတော့ မြန်မြန်ဆန်ဆန်လုပ်လို့တော့မရဘူး။ ခုနပြောတဲ့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံ၊ ရရှိလာတဲ့ ပညာပေးမှုတွေက ကျနော်တို့ ဦးနှောက်ထဲမှာစွဲနေတဲ့အပေါ်မှာ ဒီပြောင်းလဲမှုကိုတော့ အချိန် ယူလုပ်သွားရမှာပဲဖြစ်တယ်။”
ညီလာခံကျင်းပဖို့ လပိုင်းလောက်ပဲ ကျန်တော့တယ်။ ဆောင်းပါးတွေမှာ ရေးတာက အသက် ၇၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှနေချိန်၊ လူထုထောက်ခံမှုရတဲ့ ဒီ ခေတ်မှာမှ မရရင် တခါထပ်မျောဦးမယ်လို့ ပြောတယ်။ ဒီညီလာခံနဲ့ ပတ်သက်ပြီးတော့လေ ပဒိုတို့ရော ဘယ်လိုမျိုး ချောချောမွေ့မွေ့ဖြစ်အောင် နောက်ဆုံးမှတ်ချက်အနေနဲ့ ပြောပြပေးပါဦး။
“အကုန်လုံးက လက်ခံနေကြတာ၊ ကျနော်တို့ NCA (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) မှာလည်း ခေါင်းဆောင်ကြီးတွေ လက်မှတ် ရေးထိုးတယ်။ နိုင်ငံတော်လွန်ခဲ့တဲ့ အစိုးရကလည်း နိုင်ငံတော်မှာရှိတဲ့ အမြင့်ဆုံးခေါင်းဆောင် လက်မှတ်ရေး ထိုးတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လက်မှတ်ရေးထိုးတယ်။ အဲဒီအထဲမှာက ကျနော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို စစ်ရေးနည်းအရ ဖြေရှင်းလို့မရဘူး ဆိုတာကတော့ အကုန်လုံးက လက်ခံတယ်။ ယဉ်ကျေးမှု အသစ်တရပ်အနေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းသာ အဖြေမှန်ကို ရမှာဖြစ်တယ်။ ဒါပေမယ့် လုပ်တဲ့နေရာမှာကျတော့ ခေတ် ကပြောင်းလဲလာပြီလို့ ပြောလို့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်တင်မကပါဘူး၊ ကျနော်တို့မှာရှိတဲ့ ပြည်သူတွေ၊ ကျနော်တို့ လူငယ်တွေက နိုင်ငံဘယ်လိုတည်ဆောက်မလဲဆိုတာက သူတို့ရဲ့ စိတ်ထဲမှာ ဒီဖက်ဒရယ်စနစ် ကနေပဲ သွားရမယ်ဆိုတဲ့ဥစ္စာ လက်ခံလာကြတယ်။ ဗမာလူထုကလည်း ရှိနေတယ်။ အထူးသဖြင့် ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဗမာအမျိုးသားအဖွဲ့အစည်းတွေလည်း ဒါကိုလက်ခံတယ်။ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက လက်ခံလာကြတဲ့အပေါ်မှာ အချိန်ကတော့ ဒီ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်လက်ထဲမှာ သူလုပ်နိုင်တဲ့အဆင့်ကတော့ လုပ်သွားမယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း ပြီးချင်မှပြီးမယ်။ ဒါကိုဆက်ပြီးတော့ ကျနော်တို့ လူငယ်ပိုင်းက ဆက်သယ်သွားမှာပဲ။ ဆောင်ရွက်သွားမှာပဲ။ ကျနော် အဲလိုယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံ ဒီလိုပုံစံ ဆောင်ရွက်ရမယ်ဆိုတာက လွန်ခဲ့တဲ့လူကြီးတွေကတော့ အဲလိုတွေးချင်မှတွေးမယ်။ အခုရှိနေတဲ့လူငယ်တွေ အဖွဲ့အစည်းတွေက လက်ခံလာတဲ့အပေါ်မှာ သူမရှိပေမယ့်လည်း အဲလိုတော့ မပြောဘူးပေါ့နော်။ ဆက်ပြီးတော့ အကောင်အထည်ဖော် သွားမှာပဲလို့ ကျနော်ယုံကြည်တယ်။ လူထုက နှိုးကြားနေပြီ၊ လူငယ်တွေ ကလည်း နှိုးကြားနေပြီ။ အထူးသဖြင့်လွန်ခဲ့တဲ့အချန် ၁၉၈၈ မတိုင်ခင်ကတည်းက ကျနော်တို့က ဖက်ဒရယ်ဆိုတာ ခွဲထွက်မယ်ဆိုတဲ့ အတွေးအခေါ်တွေ ရှိနေတယ်။ ဒါပေမယ့် ကျနော်တို့ တကယ်လက်တွဲလာတဲ့ ကျောင်းသား လူငယ်တွေ ကျတော့လည်း ဖက်ဒရယ်ဆိုတာ တကယ်လိုအပ်တယ်။ တိုင်းရင်းသားတွေရဲ့ ခံစားရတဲ့အပေါ်မှာ သူတို့က နားလည်လာတယ်။ အခုကလည်း ဒီဖက်ဒရယ်ဆိုတဲ့ စကားလုံးက လွန်ခဲ့တဲ့ အချိန်တုန်းက ဘယ်သူမှ မပြောရဲမဆိုရဲတဲ့ သရဲတစ္ဆေလိုကြောက်နေတာ။ အခုကတော့ တနိုင်ငံလုံးသုံးနေ တဲ့ ကိစ္စပဲ။ ဒါက ဒေါ်စုဆက်ပြီး တာဝန်မထမ်းဆောင်နိုင်တော့ဘူးဆိုတဲ့ အချိန်မှာလည်း တခြားက လူငယ်တွေက ဆက်ပြီးထမ်းဆောင် အကောင်အထည်ဖော်မှာပဲလို့တော့ ကျနော်အဲလို ယုံကြည်ပါတယ်။