လေကြောင်းရန်ကာကွယ်ရေးစနစ် ဖြန့်ကျက်မှု မြို့ခံများကို ကိုရီးယားဝန်ကြီးချုပ်တောင်းပန်

တောင်ကိုရီးယားနိုင်ငံဝန်ကြီးချုပ် ဟောင်ကျိုအန်ဟာ အဆင့်မြင့်ဒုံးကျည်ကာကွယ်ရေးစနစ် (THAAD) ဖြန့်ကျက်မယ့် နိုင်ငံတောင်ပိုင်း ဆန်းဂျိုမြို့ကိုသွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့ကအမေရိကန်၏ အမြင့်ပျံ လေကြောင်းရန် ကာကွယ်ရေးစနစ် (Terminal High Altitude Area Defense system –THAAD) ဖြန့်ကျက်မယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံက နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်ဆိုင်ရာ ခြိမ်းခြောက်နေမှုကို တန်ပြန်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဖြန့်ကျက်ချထားမယ့်နေရာကို ကြေညာခဲ့ပြီးတာနဲ့တပြိုင်နက် ဒေသခံတွေရဲ့ ကန့်ကွက်ချက်တွေ ရင်ဆိုင်ခဲ့ရပြီးနောက် ၀န်ကြီးချုပ်ခရီးစဉ်စီစဉ်သွားရောက်ခဲ့တာဖြစ်ပြီး၊ ဒုံးကျည်ကာကွယ်ရေး စနစ်ကနေ စွမ်းအားမြင့်မားတဲ့ရေဒါနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာ၊ အစိုးရရဲ့ ဆုံးဖြတ်မှုဖြစ်စဉ် မျှတမှုရှိမရှိ မေးခွန်းတွေနဲ့ပတ်သက်လို့ ရှင်းလင်းတယ်လို့ ကိုရီးယား ယွန်ဟတ်သတင်းက ဖော်ပြပါတယ်။
ဝန်ကြီးချုပ်က “ကြိုတင်သတိပေးမှုမလုပ်ဘဲ ဆုံးဖြတ်ချက်ချခဲ့တဲ့အတွက် ကျနော် တောင်း ပန်ပါတယ်” လို့ ခရီးစဉ်အတွင်း ပြောဆိုပါတယ်။ အစိုးရက ဒေသခံတွေရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်မှုအပေါ် ကြိုးပမ်းဆောင်ရွက်မယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဟာ ဒီခရီးစဉ်အတွင်း ဒေါသထွက်နေတဲ့ ဒေသခံတွေက ရေဗူးတွေ၊ ကြက်ဥတွေနဲ့ ပစ်ပေါက်ဆန္ဒပြခဲ့ကြတာကို ကြုံခဲ့ရပါတယ်။
ဆန်းဂျိုမြို့လေးဟာ မြို့တော်ဆိုးလ်ရဲ့တောင်ဘက် ၂၉၆ ကီလိုမီတာ အကွာမှာတည်ရှိပြီး ဒီအစီအစဉ်ကို ကြေညာတာနဲ့တပြိုင်တည်း ဆန္ဒပြမှုတွေ စတင်ခဲ့ကြပါတယ်။
အိမ်နီးချင်းမြောက်ကိုရီးယားနိုင်ငံစစ်တပ်ကတော့ ဒီစနစ်ဖြန့်ကျက်ချထားမယ့်နေရာကို သိတာနဲ့ ကိုယ်ထိ လက်ရောက် တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
တရုတ်နိုင်ငံကလည်း ဒီအစီအစဉ်ဟာ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်မှုကို ပျက်ပြားစလိမ့်မယ်၊ ဒေသတွင်း လုံခြုံရေးချိန်ခွင်လျှာကို ပျက်ယွင်းစေလိမ့်မယ်လို့ အစောပိုင်းကတည်းက တစိုက်မတ်မတ်ကန့်ကွက်နေပါတယ်။
ဒီဖြန့်ကျက်မယ့်ကိစ္စကို ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နိုင်ငံတို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ ဒီစနစ်ကို ၂၀၁၇ နှောင်းပိုင်းမှာ စတင် တပ်ဆင် အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။
ဒီဖြန့်ကျက်မှုကြောင့် မြောက်ကိုရီယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုရန်ကနေ ပိုမို ကာကွယ်စေနိုင်တယ်လို့ တောင်ကိုရီးယားအစိုးရဘက်က ပြောနေသလို အတိုက်အခံပါတီတွေ ဘက်ကတော့ ရုရှားနဲ့တရုတ်နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ပဋိပက္ခမြင့်မားလာမှာကို ထောက်ပြကန့်ကွက်ကြပါတယ်။