၉ တန်းကျောင်းသူတဦး ဓားဖြင့် အခုတ်ခံရပြီး သေဆုံး
DVB
·
July 15, 2016
ရှမ်းပြည်နယ်တောင်ပိုင်း လင်ခေးခရိုင် မိုးနဲမြို့မှာ ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသူတဦး ဇူလိုင် ၁၄ ရက်နေ့က ဓားရှည်နဲ့ အခုတ်ခံရတဲ့အတွက် သေဆုံးခဲ့ပါတယ်။
ဇူလိုင် ၁၄ ရက်နေ့ နေ့လယ် ၁၂ ခွဲအချိန်မှာ ၉ တန်း ကျောင်းသူ နန်းဖွေးလောဝ်ဟာ ထမင်းစားပြီး ကျောင်းပြန်ချိန် မိုးနဲမြို့ ဥယျဉ်ရပ်ကွက် သစ်တောရုံးအရှေ့ အ.ထ.က ကျောင်းအနီး အရောက်မှာ အသက် ၁၆ နှစ်အရွယ် စိုင်းခေးဆိုင်ကို က ဆိုင်ကယ်စီးလာပြီးပါလာတဲ့ ဓားရှည်နဲ့ ၀င်ရောက်ခုတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။
ဓားနဲ့ အခုတ်ခံရတဲ့ ကျောင်းသူကို မိုးနဲမြို့ပြည်သူဆေးရုံသို့ အရေးပေါ်လူနာအနေနဲ့ ပို့ဆောင်တင်ထားပြီး အသက် ၁၄ နှစ်အရွယ် ၉ တန်း ကျောင်းသူ နန်းဖွေးလောဝ်မှာ ယာဘက်ဂျို ဆောင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနဖူးစပ်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ယာဘက်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ ၁ ချက် ရရှိသောဒဏ်ရာတွေနဲ့ မိုးနဲမြို့ ပြည်သူ့ဆေးရုံ နေလယ် ၂ နာရီ ၂၀ မိနစ်အချိန်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓားနဲ့ ခုတ်ပြီး ထွက်ပြေးသွားတဲ့ မိုးနဲမြို့ လွိုင်မြေရပ်နေ အသက် ၁၆ နှစ်အရွယ် စိုင်းခေးဆိုင်ကို မိုးနဲမြို့ရဲစခန်းမှ (ပ) ၁၀/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ -၃၀၂ နဲ့ အမှုဖွင့် ဆောင်ရွက်ထားပြီး တရားခံမောင်စိုင်းခေးဆိုင်ကို မိုးနဲမြို့ ပြည်သူရဲတပ်ဖွဲ့က အမြန်ပြန်လည်ဖမ်းဆီးနိုင်ရေး ကိုပိတ်ဆို့ရှာဖွေနေတယ်လို့ သိရပါတယ်။
သတင်း - သန်းစိုးအောင်